‘His Man’ ဖန်တီးရှင်များက ကိုရီးယား၏ ပထမဆုံး bisexual dating show ကို မိတ်ဆက်မည်

Wavve streaming platform သည် ၎င်း၏ gay dating series “His Man” ၏ နောက်ဆက်တွဲအသွင်ဖြစ်သော bisexual dating show အသစ် “StandBIMe” ကို ဇွန် ၁၉ ရက်တွင် ထုတ်လွှင့်မည်ဖြစ်သည်။ အဆိုပါအစီအစဉ်သည် ကျား၊ မ အခြေခံ ကန့်သတ်ချက်များမထားဘဲ ခံစားချက်နှင့် အချစ်ရေး အလားအလာများကို ဦးစားပေး ရှာဖွေသွားမည့် ဖော်မတ်သစ်တစ်ခုဖြင့် ပရိသတ်ရှေ့သို့ ရောက်ရှိလာခြင်းဖြစ်သည်။
Wavve ၏ ထုတ်ပြန်ချက်အရ “StandBIMe” ကို “His Man” ကို ဖန်တီးခဲ့သည့် အဖွဲ့ကပင် ထုတ်လုပ်ထားပြီး ဒါရိုက်တာအဖြစ် Kim Hyun-kyung က တာဝန်ယူထားသည်။ Kim Hyun-kyung သည် “His Man” ၏ Season 4 ကိုလည်း ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သူဖြစ်သည်။
သာမန် dating show ပုံစံများနှင့် ကွဲပြားစွာ “StandBIMe” တွင် ပါဝင်သူများ အချင်းချင်း ရင်းနှီးလာပုံ၊ ခံစားချက်များကို စူးစမ်းလာပုံနှင့် အတူရှိစဉ် ပြောင်းလဲလာသည့် ဆက်ဆံရေးအခြေအနေများကို အဓိကထား ဖော်ပြသွားမည်ဖြစ်သည်။ ထုတ်ပြန်ထားသည့် တရားဝင်ပိုစတာနှင့် teaser တွင် နောက်ကျောဘက်မှ မြင်ရသည့် ပါဝင်သူ ၃ ဦးကို ဘေးချင်းကပ် ထိုင်နေသည့်ပုံစံဖြင့် ရိုက်ကူးထားပြီး အချစ်ရေးဆက်နွယ်မှုများသည် တစ်ဖက်သတ် မဟုတ်ဘဲ ပြောင်းလဲလှုပ်ရှားနိုင်ကြောင်း ဖော်ပြထားသည်။ ပိုစတာတွင် “Love, in every possible way” ဟု တင်စားထားကာ show ၏ ထူးခြားသည့် အယူအဆကို ပိုမိုအာရုံစိုက်စေသည်။
Teaser အသစ်တွင်လည်း ပါဝင်သူများ၏ ခံစားချက်ပြောင်းလဲမှုများနှင့် romantic connection များကို ရှာဖွေသည့် အခင်းအကျင်းများကို ထင်ထင်ရှားရှား တွေ့မြင်ရသည်။ အခန်းတစ်ခန်းတွင် ပါဝင်သူတစ်ဦးက “What gender were you expecting?” ဟု မေးမြန်းထားပြီး ဆက်ဆံရေးဖြစ်နိုင်ချေ အားလုံးကို ဖွင့်ထားသည့် သဘောထားကို မီးမောင်းထိုးပြထားသည်။ ဗီဒီယိုအဆုံးပိုင်းတွင်တော့ ပါဝင်သူများ၏ ရှုပ်ထွေးလာသော romantic dynamics များနှင့် ကမ်းခြေပေါ်တွင် လူ ၃ ဦး ထိုင်နေသည့် နောက်ဆုံးမြင်ကွင်းဖြင့် အဆုံးသတ်ထားသည်။