Governors Ball မှာ Jennie ၏ သွားတောက်ပနေမှု အကြောင်းရင်း

BLACKPINK အဖွဲ့ဝင် Jennie သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပသည့် Governors Ball Music Festival တွင် ဝတ်ဆင်ခဲ့သော သွားအလှဆင်ပစ္စည်းကြောင့် အွန်လိုင်းပေါ်တွင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။ ပရိသတ်အချို့က ဖက်ရှင်ကျပြီး ဆွဲဆောင်မှုရှိသည်ဟု ချီးကျူးခဲ့ကြသော်လည်း အချို့ကမူ သွားပိုးစားရာအပေါက်နှင့် တူနေသည်ဟု သဘောထားခဲ့ကြသည်။
Jennie သည် Governors Ball Music Festival တွင် မိနစ် ၆၀ ခန့် ဖျော်ဖြေခဲ့ပြီး သီချင်း ၁၇ ပုဒ်ပါသည့် set ကို တင်ဆက်ခဲ့ကြောင်း သိရသည်။ ဖျော်ဖြေပွဲအတွင်း သူမ ဝတ်ဆင်ထားသည့် အပြာရောင်နှင်းဆီ motif ပါ grillz (သွားပေါ်တွင် တပ်ဆင်ဝတ်ဆင်သည့် အလှဆင်ပစ္စည်း) ကလည်း ပရိသတ်များ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့သည်။ အဆိုပါပစ္စည်းကို လော့စ်အိန်ဂျလိစ်အခြေစိုက် လက်ဝတ်ရတနာနှင့် ဒီဇိုင်းပညာရှင် Mark Cruz က ဖန်တီးပေးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ Cruz ကလည်း လူမှုကွန်ရက်ပေါ်တွင် ထို grillz နှင့် Jennie ဝတ်ဆင်ထားသည့် ဓာတ်ပုံများကို မျှဝေပြီး “Jennie နဲ့အတူ Governors Ball စင်မြင့်အတွက် အသစ်တစ်ခု ဖန်တီးခဲ့တယ်။ blue rose enamel အသေးစိတ်ဖော်ပြထားတဲ့ 14K white-gold custom piece တစ်ခုဖြစ်ပြီး VVS1 အဆင့် diamond တွေ ပါဝင်တယ်” ဟု ရေးသားထားသည်။
grillz သည် သွားပေါ်တွင် တပ်ဆင်ဝတ်ဆင်သည့် အလှဆင်ပစ္စည်းဖြစ်ပြီး အများအားဖြင့် ရွှေ သို့မဟုတ် အဖိုးတန်သတ္တုများဖြင့် ပြုလုပ်ကြကာ diamond ကဲ့သို့ ကျောက်မျက်များဖြင့်လည်း အလှဆင်လေ့ရှိသည်။ အများစုကို ဖြုတ်တပ်၍ ရသော်လည်း အချို့ကို သွားဆိုင်ရာကော်ပစ္စည်းများဖြင့် ခိုင်ခန့်စွာ ကပ်တပ်ကြသည်။ ဖက်ရှင်အတွက် ခဏတာ ဝတ်ဆင်ခြင်းသာဖြစ်ပါက ဆိုးရွားသည့် ပြဿနာများ ဖြစ်နိုင်ခြေ နည်းသော်လည်း ရေရှည်ဝတ်ဆင်ပါက grillz နှင့် သွားကြားတွင် အစာအမှုန့်များ၊ plaque များ စုပုံလွယ်သဖြင့် သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါ ဖြစ်ပွားနိုင်ကြောင်း သွားဆရာဝန်များက သတိပေးထားသည်။ ထို့ပြင် သွားပုံစံအတိုင်း မပြုလုပ်ထားသည့် grillz များသည် ဝတ်ဆင်နေစဉ် ရွေ့လျားနိုင်ပြီး သွား၏ အပြင်ဘက် အကာအကွယ်အလွှာဖြစ်သော enamel ကို ထိခိုက်စေနိုင်သည်။ enamel ပျက်စီးသွားပါက သဘာဝအတိုင်း ပြန်လည်မဖြစ်ပေါ်နိုင်သဖြင့် သွားများ ပိုမိုအထိခိုက်လွယ်လာခြင်းနှင့် သွားပိုးစားမှု အန္တရာယ် တိုးလာခြင်းတို့ ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် grillz ဝတ်ဆင်မည်ဆိုပါက သွားအပုံအချိုးကို မှန်ကန်စွာ တိုင်းတာပြုလုပ်ထားသော custom-made ပစ္စည်းများကိုသာ ရွေးချယ်သင့်ကြောင်း၊ အထူးသဖြင့် အချိန်ကြာမြင့်စွာ မဝတ်သင့်ဘဲ အစားအသောက်စားချိန်နှင့် အိပ်ချိန်တွင် ဖြုတ်ထားသင့်ကြောင်း အကြံပြုထားသည်။ သွားကိုက်ခြင်းနှင့် အိပ်နေစဉ် မသိမသာ သွားကြိတ်ခြင်းတို့ကြောင့် ထိခိုက်နိုင်သည့်အတွက် ဖြစ်သည်။ ထို့အပြင် grillz ဝတ်ဆင်သူများအနေဖြင့် သွားကျန်းမာရေးကို အထူးဂရုပြုပြီး တစ်နေ့လျှင် အနည်းဆုံး ၂ ကြိမ် သွားကို သေချာတိုက်ရန်၊ dental floss နှင့် interdental brush များ အသုံးပြုကာ သွားကြားကို သန့်ရှင်းအောင် ထားရန်လည်း သွားဆရာဝန်များက အကြံပြုထားသည်။ grillz များကိုလည်း ဘက်တီးရီးယား မပေါက်ဖွားစေရန် သင့်တော်သည့် သန့်စင်ဆေးရည် သို့မဟုတ် ပျော့ပျော့သော သွားတိုက်တံဖြင့် ပုံမှန် သန့်စင်ပေးရန် လိုအပ်ကြောင်း ဖော်ပြထားသည်။