ဟော်မုဇ်ရေလက်ကြားတွင် ကုန်တင်သင်္ဘောသွားလာမှု တိတ်ဆိတ်နေဆဲ၊ အီရန်နှင့် စစ်ရပ်စဲ သဘောတူညီချက် ရှိသော်လည်း သိသာထင်ရှားသည့် ပြောင်းလဲမှု မတွေ့ရဟု tracking အဖွဲ့များ ဆို

အမေရိကန်နှင့် အီရန်တို့အကြား စစ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးနောက် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်မည်ဟု ကြေညာထားသော်လည်း ကုန်တင်သင်္ဘောနှင့် ရေနံတင်သင်္ဘောများ၏ သွားလာမှုမှာ ပုံမှန်အဆင့်ထက် အတော်လေးနိမ့်ကျနေဆဲဖြစ်ကြောင်း maritime tracking အဖွဲ့များက ဆိုသည်။ အင်္ဂါနေ့အထိ raw materials တင်ဆောင်သည့် သင်္ဘော ၄ စင်းသာ ဖြတ်သန်းခဲ့ကြောင်းလည်း သိရသည်။
ပြင်သစ်နိုင်ငံ ပါရီမြို့မှ AFP သတင်းအရ Kpler tracking platform က 2026 ဇွန် 17 ရက် 1500 GMT အထိ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာသည့် ရေယာဉ် ၄ စင်းသာ တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ တနင်္လာနေ့တွင်လည်း ၅ စင်းသာ တွေ့ရှိခဲ့ပြီး ယင်းနှုန်းမှာ အရှေ့အလယ်ပိုင်း ပဋိပက္ခကို အဆုံးသတ်ရန် အမေရိကန်-အီရန် သဘောတူညီချက် ကြေညာမီ အပတ်အတွင်း ရှိခဲ့သည့် သွားလာမှုနှုန်းနှင့် နီးစပ်နေသည်ဟု ဆိုသည်။ Kpler က X ပေါ်တွင် “ဟော်မုဇ်ရေလက်ကြားသည် သံတမန်ရေးတိုးတက်မှု၏ အရိပ်အမြွက်များ ရှိနေသော်လည်း ပုံမှန်ကုန်သွယ်ရေးအဆင့်အောက်တွင်သာ ဆက်လက်လည်ပတ်နေသည်” ဟု ရေးသားခဲ့သည်။
အီရန်အစိုးရကလည်း ဧပြီ ၁၃ ရက်က ချမှတ်ထားသော အီရန်ဆိပ်ကမ်းများအပေါ် အမေရိကန်စစ်တပ်၏ တန်ပြန်ပိတ်ဆို့မှုကို သဘောတူညီချက်ကို တရားဝင်လက်မှတ်ရေးထိုးမည့်အချိန် မတိုင်မီ ရုပ်သိမ်းခဲ့ကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပ်ကလည်း တနင်္လာနေ့တွင် သင်္ဘောများ စတင်ထွက်ခွာလာနေပြီဟု ပြောဆိုပြီး သောကြာနေ့တွင် သဘောတူညီချက် လက်မှတ်ရေးထိုးပြီးသည်နှင့် “လုံးဝ” ပြန်လည်ဖွင့်လှစ်မည်ဟု ဆိုသည်။ သို့သော် သင်္ဘောလုပ်ငန်းအဖွဲ့အစည်းများက အဆင့်လိုက် ပြန်လည်ဖွင့်လှစ်ရေး လုပ်ငန်းစဉ်များနှင့် မိုင်းရှင်းလင်းရာတွင် မည်မျှကြာမည်ကို မသေချာသေးကြောင်း သတိပေးထားသည်။ Kpler ကလည်း “ဖြတ်သန်းရေးလုံခြုံရေး၊ လမ်းကြောင်းအသုံးပြုခ၊ ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်ရေး စီမံချက်များ အပါအဝင် လုပ်ငန်းဆိုင်ရာ အရေးကြီးမေးခွန်းများ မဖြေရှင်းရသေး” ဟု ထောက်ပြသည်။
သဘောတူညီချက်အရ စာရင်းဝင်သင်္ဘောအားလုံးသည် transponder ဖွင့်ထား၍ ဖြတ်သန်းခဲ့ကြသော်လည်း အချို့သင်္ဘောများမှာ signal မပို့ဘဲလည်း ဖြတ်သန်းနိုင်သဖြင့် စောင့်ကြည့်ဖော်ထုတ်ရန် ပိုမိုခက်ခဲနေကြောင်း ဆိုသည်။ အီရန်ရေနံတင်သင်္ဘော Diona သည် နှစ်လနီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂါနေ့တွင် transponder ကို ပြန်လည်ဖွင့်ခဲ့သည်။
ရေနံတင်သင်္ဘောပိုင်ရှင်များအသင်း Intertanko ၏ ဇွန် ၅ ရက် အကြံပေးစာအရ အမေရိကန်ရေတပ်သည် သင်္ဘောများကို အိုမန်ကမ်းရိုးတန်းအနီး ရေလက်ကြားတောင်ဘက်ပိုင်းမှ ညအချိန်တွင် မီးများနှင့် transponder များ ပိတ်ထားပြီး လုံခြုံစွာ ဖြတ်သန်းနိုင်ရန် ညှိနှိုင်းကူညီပေးနေကြောင်း ဖော်ပြထားသည်။ အဆိုပါလမ်းကြောင်းကို တစ်နေ့လျှင် သင်္ဘော ၁၅ စင်း အသုံးပြုနေကြောင်းလည်း ဆိုသည်။ Lloyd’s List ၏ အချက်အလက်အရ ဖေဖော်ဝါရီ ၂၈ ရက်တွင် ပဋိပက္ခ စတင်မဖြစ်ပွားမီ တစ်နေ့လျှင် ဖြတ်သန်းမှု ၁၂၀ ခန့် ရှိခဲ့သည်။ ပုံမှန်အချိန်ကာလ၌မူ ကမ္ဘာလုံးဆိုင်ရာ ရေနံနှင့် liquefied natural gas (LNG) တင်ပို့မှု၏ ၅ ပုံ ၁ ပုံခန့်အပါအဝင် အရေးကြီးကုန်စည်များစွာသည် ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းသွားလာလေ့ရှိသည်။