My

အီရန်သဘောတူညီချက်တွင် ဒေါ်လာ ၃၀၀ ဘီလီယံရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ ပါဝင်ဟု သတင်းရင်းမြစ်ဆို

Business

အီရန်သဘောတူညီချက်တွင် ဒေါ်လာ ၃၀၀ ဘီလီယံရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ ပါဝင်ဟု သတင်းရင်းမြစ်ဆို

2026.06.17Zaymy Official30

အမေရိကန်နှင့် အီရန်တို့၏ မူဘောင်သဘောတူညီချက်တွင် အီရန်သို့ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရန် ဒေါ်လာ ၃၀၀ ဘီလီယံတန် ပုဂ္ဂလိကရန်ပုံငွေတစ်ခု ပါဝင်ပြီး ယင်းပမာဏ၏ ထက်ဝက်ကျော်ကို ကတိပြုထားပြီးဖြစ်ကြောင်း Reuters က သတင်းရင်းမြစ်ကို ကိုးကား၍ ဖော်ပြသည်။ အဆိုပါရန်ပုံငွေကို နောက်ဆုံးသဘောတူညီချက်တစ်ရပ် ရရှိရေးအတွက် နှစ်ဖက်စလုံးအတွက် စီးပွားရေးအကျိုးစီးပွားဖြစ်စေမည့် ယန္တရားအဖြစ် ဒီဇိုင်းရေးဆွဲထားသည်ဟု ဆိုသည်။

ဒူဘိုင်းမြို့မှ Reuters က ရရှိသည့် သတင်းရင်းမြစ်အရ ဝါရှင်တန်နှင့် တီဟီရန်တို့သည် သောကြာနေ့တွင် လက်မှတ်ရေးထိုးရန် ပြင်ဆင်နေချိန်၌ အဆိုပါအစီအစဉ်ကို တရားဝင် မကြေညာရသေးသဖြင့် အမည်မဖော်လိုသူအဖြစ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နှင့် အီရန်တာဝန်ရှိသူများကမူ ဇွန် ၂၈ ရက်တွင် စတင်ခဲ့သည့် စစ်ပွဲကို အဆုံးသတ်ရန် မူဘောင်သဘောတူညီချက်တစ်ရပ် ရရှိထားကြောင်း၊ အမေရိကန်၏ အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ရေနံနှင့် သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးအတွက် အရေးပါသည့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း တနင်္ဂနွေနေ့က ပြောကြားထားသည်။

သတင်းရင်းမြစ်က အဆိုပါရန်ပုံငွေမှာ ပြန်လည်တည်ဆောက်ရေး သို့မဟုတ် လျော်ကြေးပေးရေးအစီအစဉ်မဟုတ်ဘဲ အစိုးရငွေ၊ ထောက်ပံ့ငွေ မပါဝင်သည့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုယာဉ်တစ်ခုသာဖြစ်ကြောင်း ရှင်းပြသည်။ အမေရိကန်၊ ပင်လယ်ကွေ့အာရပ်နိုင်ငံများ၊ အာရှ၊ တောင်အမေရိကနှင့် အာဖရိကအခြေစိုက် ကုမ္ပဏီများက ငွေကြေးထည့်ဝင်ရန် သဘောတူထားပြီး စွမ်းအင်၊ လော်ဂျစ်စတစ်၊ ထုတ်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပါဝင်ကြောင်းလည်း ဆိုသည်။

Reuters သို့ ပြောကြားသည့် အီရန်အဆင့်မြင့် သတင်းရင်းမြစ်တစ်ဦးက တီဟီရန်သည် စစ်ဒဏ်ကြေးအဖြစ် အမေရိကန်ထံမှ ဒေါ်လာ ၄၀၀ ဘီလီယံ တောင်းဆိုခဲ့သော်လည်း ဝါရှင်တန်က မပေးနိုင်ကြောင်း ပြန်လညံ့ကြားခဲ့သဖြင့် “ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးရန်ပုံငွေ” ဟု အမည်ပေးမည့် အကြံအစည် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ပြောသည်။ ထိုယန္တရားအောက်တွင် ဒေသတွင်းနိုင်ငံများက ချေးငွေထောက်ပံ့ခြင်း၊ ခရက်ဒစ်လိုင်းဖွင့်ပေးခြင်း သို့မဟုတ် Mobarakeh Steel စက်ရုံကြီး၊ ရေနံချက်စက်ရုံများ၊ လေဆိပ်များအပါအဝင် စစ်ပွဲကြောင့် ပျက်စီးခဲ့သည့် အခြေခံအဆောက်အအုံများကို တိုက်ရိုက် ပြန်လည်တည်ဆောက်ပေးခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် ပါဝင်ကူညီမည်ဟု သိရသည်။

အီရန်သည် အရှေ့အလယ်ပိုင်း၏ အကြီးဆုံးစီးပွားရေးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ် ၄ ခုအတွင်း အမေရိကန်နှင့် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများကြောင့် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား မရရှိခဲ့ပေ။ သို့သော် အီရန်တွင် ကမ္ဘာ့ဒုတိယအကြီးဆုံး သဘာဝဓာတ်ငွေ့ အတည်ပြုသိုက်ဝန်းနှင့် စတုတ္ထအကြီးဆုံး ရေနံအတည်ပြုသိုက်ဝန်း ရှိပြီး လူဦးရေ ၉၂ သန်းကျော်ရှိသည့် လူငယ်ပညာတတ် လူထု၊ ကွဲပြားသည့် စက်မှုအခြေခံနှင့် ရေနံဓာတု၊ သတ္တုတူးဖော်ရေး၊ ခရီးသွားလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးတို့တွင် အသုံးချမရသေးသည့် အလားအလာများ ကြီးမားနေကြောင်း သတင်းတွင် ဖော်ပြထားသည်။

အဆိုပါရန်ပုံငွေသည် အမေရိကန်ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းရေးနှင့် ပြည်ပတွင် ပိတ်မိနေသည့် အီရန်အစိုးရပိုင်ပစ္စည်းများ ပြန်လွှတ်ရေး ဆိုင်ရာ သီးခြားညှိနှိုင်းမှုလမ်းကြောင်းနှင့် လုံးဝသီးခြားဖြစ်ကြောင်းလည်း သိရသည်။ နောက်ဆုံးနှင့် လက်ခံနိုင်ဖွယ် သဘောတူညီချက် ရရှိမှသာ ရန်ပုံငွေကို တည်ထောင်မည်ဖြစ်ပြီး လက်မှတ်ရေးထိုးပြီးပါက နောက်လာမည့် ရက် ၆၀ အတွင်း လုပ်ငန်းစဉ်များကို သတ်မှတ်ဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါကာလအတွင်း ရန်ပုံငွေစီမံခန့်ခွဲသူများသည် အီရန်ဘက်နှင့် ရင်းနှီးမြှုပ်နှံသူများနှင့်အတူ စီမံကိန်းများကို ပုံဖော်၍ ဦးစားပေးရွေးချယ်မည်ဟု သတင်းရင်းမြစ်က ဆိုသည်။

အီရန်နှင့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က မှတ်ချက်ပေးရန် ချက်ချင်း မတုံ့ပြန်သေးကြောင်း သိရသည်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့တွင် CBS နှင့် အင်တာဗျူး၌ ဒုသမ္မတ JD Vance ပြောကြားခဲ့သည့် အချက်ကို ထောက်ပြပြီး အီရန်အနေဖြင့် ဝါရှင်တန်နှင့် သဘောတူညီချက်ကို လိုက်နာပါက ပင်လယ်ကွေ့နိုင်ငံများ ထောက်ပံ့သည့် ဒေါ်လာ ၃၀၀ ဘီလီယံ ပြန်လည်တည်ဆောက်ရေးရန်ပုံငွေသို့ ဝင်ရောက်အသုံးပြုခွင့် ရနိုင်ကြောင်း ပြောသည်။ ထိုသဘောတူညီချက်တွင် အီရန်၏ နျူကလီးယားအစီအစဉ် ဖျက်သိမ်းခြင်း၊ သန့်စင်ယူရေနီယမ် သိုလှောင်ထားမှု ဖယ်ရှားခြင်းနှင့် တင်းကျပ်သည့် စစ်ဆေးအကဲဖြတ်ရေးစနစ်ကို လက်ခံခြင်းတို့ ပါဝင်ကြောင်းလည်း ၎င်းက ဆိုသည်။

သတင်းရင်းမြစ်က ရန်ပုံငွေကို မည်သူက မည်သို့ စီမံခန့်ခွဲမည်ဆိုသည့် အရေးကြီးသော အသေးစိတ်အချက်အလက်များကို မဖော်ပြသေးကြောင်း၊ ကဏ္ဍအလိုက် သဘောတူထားသည့် ကုမ္ပဏီများထဲတွင် တောင်ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ မလေးရှားနှင့် အမေရိကန်အခြေစိုက် ကုမ္ပဏီများ ပါဝင်ကြောင်းသာ ပြောကြားခဲ့သည်။ ရက် ၆၀ မူဘောင်သဘောတူညီချက်သည် နောက်ဆုံးစာချုပ်မဟုတ်ဘဲ ထိုကာလအတွင်း နျူကလီးယား၊ ပိတ်ဆို့အရေးယူမှုနှင့် ဒေသဆိုင်ရာ လုံခြုံရေးကိစ္စများကို တပြိုင်နက်တည်း ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်သည်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်