ရှားပါး အီဘိုလာမျိုးကွဲ ကူးစက်မှု မြင့်တက်နေချိန် ကွန်ဂိုနယ်စပ်ကို ယူဂန်ဒါ ပိတ်

ရှားပါး အီဘိုလာမျိုးကွဲတစ်မျိုးဖြစ်သည့် Bundibugyo ဗိုင်းရပ်စ် ကူးစက်မှု စိုးရိမ်ဖွယ် မြင့်တက်နေသော ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် နယ်စပ်ကို ယူဂန်ဒါက မေလ ၂၈ ရက် ဗုဒ္ဓဟူးနေ့တွင် ပိတ်လိုက်သည်။ နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှုကို ကန့်သတ်ရန် ဆုံးဖြတ်ခဲ့သော်လည်း အရေးပေါ်ကိစ္စရပ်များတွင်မူ ၂၁ ရက် မဖြစ်မနေ သီးသန့်ခွဲထားရမည်ဟု တာဝန်ရှိသူများက ပြောကြားသည်။
ကွန်ဂိုအရှေ့ပိုင်းတွင် အီဘိုလာ အတည်ပြုလူနာ ၁၀၁ ဦးအထိ ရှိလာပြီး သံသယဖြစ်ရပ် ၁,၀၀၀ နီးပါးနှင့် သေဆုံးမှု သံသယ ၂၂၀ ထက်မနည်း ရှိနေကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နယ်စပ်ပိတ်ပင်မှုကို မထောက်ခံသော်လည်း ကူးစက်ပျံ့နှံ့နိုင်ခြေ မြင့်မားသည့် အလွန်အရေးကြီးသော ကျန်းမာရေးအခြေအနေအဖြစ် သတ်မှတ်ထားသည်။
ယူဂန်ဒါ ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာ Diana Atwine က နယ်စပ်ပိတ်မှုသည် “ချက်ချင်း အကျိုးသက်ရောက်စေရမည်” ဟု ပြောကြားပြီး အရေးပေါ် အကူအညီပေးရေး၊ လူသားချင်းစာနာမှု၊ ကုန်စည်သယ်ယူပို့ဆောင်ရေး သို့မဟုတ် လုံခြုံရေးဆိုင်ရာ အကြောင်းရင်းများအတွက်သာ ဖြတ်သန်းခွင့်ပြုမည်ဟု ဆိုသည်။ ကွန်ဂိုဘက်မှ အရေးပေါ်အခြေအနေနှင့် ဝင်ရောက်သူမည်သူမဆိုကို ၂၁ ရက် မဖြစ်မနေ သီးသန့်ခွဲထားမည်ဖြစ်သည်။
ယူဂန်ဒါတွင် ယခုဖြစ်ပွားမှုနှင့် ဆက်နွှယ်သည့် အတည်ပြု အီဘိုလာလူနာ ၇ ဦး ရှိနေပြီး မြို့တော် ကမ္ပါလာတွင် မေ ၁၄ ရက်က သေဆုံးခဲ့သည့် အသက် ၅၉ နှစ်အရွယ် အမျိုးသားသည် ပထမဆုံး အမှုဖြစ်သည်။ ထို့ပြင် ကွန်ဂိုအရှေ့ပိုင်း၌ မေ ၁၅ ရက်က အီဘိုလာဖြစ်ပွားကြောင်း ကြေညာမီကပင် နယ်စပ်ကျော် ဝင်ရောက်လာသည့် ကွန်ဂိုလူနာများနှင့် ထိတွေ့မိရာမှ ယူဂန်ဒါ ကျန်းမာရေးဝန်ထမ်းများ ကူးစက်ခံခဲ့ရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အီဘိုလာ ကူးစက်ပြန့်ပွားမှုကို တားဆီးရန် အထိရောက်ဆုံး နည်းလမ်းမှာ အနီးကပ် ထိတွေ့သူများကို ခြေရာခံ ရှာဖွေခြင်းနှင့် သီးသန့်ခွဲထားခြင်း ဖြစ်ကြောင်း ပြောထားသည်။ ဗိုင်းရပ်စ်သည် လူနာများ သို့မဟုတ် သေဆုံးသူများ၏ ကိုယ်ခန္ဓာအရည်များနှင့် အနီးကပ် ထိတွေ့မှုမှ ကူးစက်နိုင်ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် လူနာကို ပြုစုစောင့်ရှောက်သည့် မိသားစုဝင်များမှာ အန္တရာယ်အမြင့်ဆုံး ဖြစ်သည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။
ကွန်ဂိုအရှေ့ပိုင်းရှိ ကူးစက်ရောဂါကို ထိန်းချုပ်ရန် အာဏာပိုင်များ ကြိုးပမ်းနေသော်လည်း လက်နက်ကိုင်အဖွဲ့များ၏ ခြိမ်းခြောက်မှု၊ နေရပ်စွန့်ခွာသူအရေအတွက် များပြားမှုနှင့် အခြေခံအဆောက်အအုံ ချို့တဲ့မှုတို့ကြောင့် အခြေအနေ ပိုမိုခက်ခဲနေသည်။ WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကလည်း ကယ်ဆယ်ရေးနှင့် ကျန်းမာရေးဝန်ထမ်းများ လုံခြုံစွာ ဝင်ရောက်နိုင်ရန် ကွန်ဂိုအရှေ့ပိုင်းတွင် အပစ်အခတ်ရပ်စဲရေး လိုအပ်ကြောင်း တိုက်တွန်းခဲ့ပြီး ကျန်းမာရေးအဖွဲ့အစည်းများကို တိုက်ခိုက်ခြင်းကြောင့် လူနာများနှင့် ထိတွေ့သူများကို ခြေရာခံရန် မဖြစ်နိုင်လုနီးပါး ဖြစ်နေသည်ဟု ဆိုသည်။
တချိန်တည်းတွင် ကွန်ဂိုနိုင်ငံ၌ ကူညီရေးအဖွဲ့များက မျက်နှာဖုံးများ၊ ကာကွယ်ဝတ်စုံများ၊ စမ်းသပ်ကိရိယာများနှင့် သေဆုံးသူများကို လုံခြုံစွာ သင်္ဂြိုဟ်ရန် လိုအပ်သည့် အိတ်များအပါအဝင် အရေးကြီးပစ္စည်းများ မလုံလောက်ကြောင်း ပြောဆိုထားသည်။ ယူဂန်ဒါဘက်ကလည်း ကျန်းမာရေးဝန်ထမ်းများမှတစ်ဆင့် ထိတွေ့ခံရသူ အရေအတွက် တိုးလာနေသဖြင့် အထူးစိုးရိမ်နေပြီး လက်ဆွဲနှုတ်ဆက်ခြင်းကို ရှောင်ကြဉ်ကာ လက်သန့်ဆေးရည် အသုံးပြုရန် ပြည်သူများကို တိုက်တွန်းထားသည်။