နျူကလီးယားလက်နက် အသုံးစရိတ် စံချိန်တင် မြင့်တက်၊ ‘လက်နက်ပြိုင်ပွဲ’ အသစ် စတင်နေပြီဟု သုတေသနများ သတိပေး

ကမ္ဘာတစ်ဝန်း နျူကလီးယားလက်နက်အတွက် အသုံးစရိတ်မှာ ပြီးခဲ့သည့်နှစ်တွင် စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း သုတေသနများက ထုတ်ပြန်သည်။ နျူကလီးယားလက်နက်ပိုင် နိုင်ငံများက လက်နက်ထိပ်ဖူးများကို သိုလှောင်ထားရာမှ ပစ်ခတ်စနစ်များပေါ်သို့ ပိုမိုရွှေ့ပြောင်းတပ်ဆင်နေသဖြင့် စိုးရိမ်မှုများ မြင့်တက်နေကြောင်းလည်း ဆိုသည်။
နျူကလီးယားလက်နက်ဖျက်သိမ်းရေး နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ ICAN ၏ အဆိုအရ နျူကလီးယားလက်နက်ပိုင် ၉ နိုင်ငံသည် ပြီးခဲ့သည့်နှစ်အတွင်း လက်နက်အစုအဝေးအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁၉ ဘီလီယံနီးပါး သုံးစွဲခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၁၉ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။ ICAN က “နျူကလီးယားလက်နက်ပြိုင်ပွဲအသစ် စတင်နေပြီ” ဟု သတိပေးထားသည်။ တစ်ချိန်တည်းမှာပင် Stockholm International Peace Research Institute (SIPRI) ကလည်း တနင်္လာနေ့တွင် ထုတ်ပြန်သည့် သီးခြားအစီရင်ခံစာ၌ ကမ္ဘာ့နိုင်ငံရေးတင်းမာမှုများ မြင့်တက်လာနေချိန် နျူကလီးယားအန္တရာယ် ပိုမိုကြီးထွားလာနေကြောင်း ထောက်ပြခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ထုတ်ပြန်သည့် အဆိုပါလေ့လာမှုများအရ နိုင်ငံများသည် လက်နက်အဆင့်မြှင့်တင်ရန်နှင့် သိုလှောင်ထားသည့် ထိပ်ဖူးအရေအတွက်ကို ပိုမိုအသုံးချနိုင်ရန် အပြိုင်အဆိုင် လျင်မြန်စွာ ဆောင်ရွက်နေကြသည်။ ICAN ၏ အစီရင်ခံစာကို ပူးတွဲရေးသားသူနှင့် အစီအစဉ်ညွှန်ကြားရေးမှူး Susi Snyder က ဉာဏ်ရည်တု (AI) ကြောင့် နျူကလီးယားလက်နက် အသုံးပြုနိုင်ခြေ ပိုမိုမြင့်တက်လာမည်ကို စိုးရိမ်ကြောင်း AFP ကို ပြောကြားခဲ့သည်။ “ရိုးရိုးသားသားပြောရရင် ကျွန်မ တကယ်ကို ကြောက်နေပါတယ်” ဟု သူမက ဆိုသည်။
SIPRI ၏ အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်း နျူကလီးယားထိပ်ဖူး စုစုပေါင်း ခန့်မှန်းအရေအတွက်မှာ နှစ်များစွာ လျော့ကျနေရာမှ ယခုနှစ်အစတွင် ၁၂,၁၈၇ ခုသို့ ကျဆင်းခဲ့သော်လည်း၊ ချက်ချင်းအသုံးပြုနိုင်သည့် ထိပ်ဖူးအရေအတွက်မှာ ၉,၇၄၅ ခုအထိ တိုးလာကြောင်း ဖော်ပြထားသည်။ SIPRI ညွှန်ကြားရေးမှူး Karim Haggag က “နျူကလီးယားလက်နက်အရေအတွက် နည်းလာသော်လည်း နျူကလီးယားအန္တရာယ်နဲ့ နျူကလီးယားခြိမ်းခြောက်မှုအဆင့်ကတော့ မြင့်တက်နေပါတယ်” ဟု AFP ကို ပြောသည်။
အမေရိကန်နှင့် ရုရှားတို့သည် ကမ္ဘာ့နျူကလီးယားလက်နက် စုစုပေါင်း၏ ၈၃ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားပြီး နှစ်နိုင်ငံစလုံးတွင် ထိပ်ဖူး ၅,၀၀၀ ကျော်စီ ရှိနေသည်။ SIPRI က တရုတ်နိုင်ငံသည် နျူကလီးယားလက်နက်ကို အမြန်ဆုံး တိုးချဲ့နေသည့် နိုင်ငံဖြစ်ပြီး လက်ရှိတွင် ထိပ်ဖူး ၆၂၀ ခန့် ရှိသည်ဟု ခန့်မှန်းထားသည်။ Haggag က “နိုင်ငံရေးပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာခြင်းဟာ တရုတ်အနေနဲ့ နျူကလီးယားလက်နက်ကို ပိုမိုအားထားရန် အင်အားကြီးမားတဲ့ တွန်းအားတစ်ခု ဖြစ်လာစေတယ်” ဟု သုံးသပ်ခဲ့သည်။
ICAN ၏ အစီရင်ခံစာတွင် ဗြိတိန်၊ ပြင်သစ်၊ အိန္ဒိယ၊ အစ္စရေး၊ မြောက်ကိုရီးယားနှင့် ပါကစ္စတန်တို့အပါအဝင် နျူကလီးယားလက်နက်ပိုင် ၉ နိုင်ငံလုံးသည် ကိုယ်ပိုင်လက်နက်အစုအဝေးများတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နေကြောင်း ဖော်ပြထားသည်။ အဆိုပါနိုင်ငံများသည် ၂၀၂၄ ခုနှစ်ထက် လွန်ခဲ့သည့်နှစ်တွင် ဒေါ်လာ ၁၇ ဘီလီယံနီးပါး ပိုမိုသုံးစွဲခဲ့ကြသည်။ အမေရိကန်အစိုးရသည် ၂၀၂၅ ခုနှစ်တွင် နျူကလီးယားလက်နက်အတွက် ဒေါ်လာ ၆၉.၂ ဘီလီယံ သုံးစွဲခဲ့ပြီး ယခင်နှစ်ထက် ဒေါ်လာ ၁၂.၄ ဘီလီယံ တိုးလာကာ အခြားနိုင်ငံအားလုံးပေါင်းထက် ပိုမိုများပြားခဲ့သည်ဟု ICAN က ဆိုသည်။ အမေရိကန်နောက်တွင် တရုတ်က ဒေါ်လာ ၁၃.၅ ဘီလီယံ၊ ဗြိတိန်က ဒေါ်လာ ၁၂.၆ ဘီလီယံ၊ ရုရှားက ဒေါ်လာ ၉.၅ ဘီလီယံ သုံးစွဲခဲ့ကြောင်း ဖော်ပြထားသည်။ လွန်ခဲ့သည့် ၅ နှစ်အတွင်း အဆိုပါ ၉ နိုင်ငံသည် ၎င်းတို့၏ လက်နက်အစုအဝေးအတွက် ဒေါ်လာ ၄၇၀ ဘီလီယံကျော် သုံးစွဲခဲ့ကြောင်းလည်း သိရသည်။
ICAN က ရေရှည်ခန့်မှန်းချက်များကို လေ့လာရာတွင် ဗြိတိန်၊ ပြင်သစ်နှင့် အမေရိကန်တို့သည် လာမည့်ရာစုနှစ်အထိ နျူကလီးယားလက်နက်စနစ်များ ဖွံ့ဖြိုးထိန်းသိမ်းရန် ဘီလီယံနှင့်ချီ သုံးစွဲမည့် အစီအစဉ်များ ရှိနေကြောင်း ထောက်ပြခဲ့သည်။ အခြားနိုင်ငံများလည်း သက်တမ်းရှည်သည့် လက်နက်စနစ်အသစ်များ စတင်တပ်ဆင်နေကြသည်ဟု ဆိုသည်။ အမေရိကန်၏ အသစ်ထုတ်လုပ်မည့် Sentinel အမျိုးအစား တိုက်ချင်းပစ်ဒုံးကျည်များ (ICBM) သည် ၂၁၀၀ ပြည့်နှစ်ကျော်အထိ အသုံးပြုနိုင်မည်ဟု ခန့်မှန်းထားပြီး plutonium pit ထုတ်လုပ်မှု တိုးလာခြင်းကလည်း အမေရိကန်၏ ထိပ်ဖူးများသည် ၂၁၂၀ ပြည့်နှစ်အထိ သက်တမ်းရှိနိုင်ကြောင်း ညွှန်ပြနေသည်ဟု အစီရင်ခံစာက ဆိုသည်။ ထို့ကြောင့် ၂၀၂၅ ခုနှစ်မှ ၂၀၃၄ ခုနှစ်အတွင်း ၁၀ နှစ်တာကာလ၌ အမေရိကန်၏ နျူကလီးယားလက်နက်အသုံးစရိတ်သည် ဒေါ်လာ ၁ ထရီလီယံနီးပါး ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။
သုတေသီများက ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စနစ်တစ်ခုလုံးသည် ရန်ပုံငွေ လျှော့ချမှုကြီးများကြောင့် အခက်အခဲကြုံနေချိန်တွင် ဤမျှကြီးမားသည့် ငွေပမာဏများ သုံးစွဲနေခြင်းမှာ အထူးထိတ်လန့်ဖွယ်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ၎င်းတို့၏ အဆိုအရ ပြီးခဲ့သည့်နှစ် နျူကလီးယားလက်နက်အတွက် တစ်ရက်စာ သုံးစွဲငွေဖြင့် လူဦးရေ ၂ သန်းကျော်အတွက် စားနပ်ရိက္ခာလုံခြုံရေး ပေးနိုင်ခဲ့မည်ဖြစ်သည်။ Snyder ကလည်း နျူကလီးယားလက်နက်ပိုင် နိုင်ငံများသည် မိမိတို့ပြည်သူများအတွက် အကူအညီ သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှု ပေးမည့်အစား “မိမိတို့ကိုယ်တိုင်လည်း စစ်ရာဇဝတ်မှု မကျူးလွန်ဘဲ အသုံးပြုနိုင်မည် မဟုတ်ကြောင်း သိထားတဲ့ လက်နက်အစုအဝေး” ထဲ ငွေထည့်နေကြသည်ဟု ဝေဖန်ခဲ့ပြီး “လက်တွေ့အခြေအနေနဲ့ လုံးဝကွာဟနေတယ်” ဟု ဆိုသည်။