ကိုရီးယားနှင့် မွန်ဂိုးလီးယားတို့ အရေးပါသတ္တုဓာတ်နှင့် ထောက်ပံ့ရေးကွင်းဆက် ပူးပေါင်းဆောင်ရွက်မှုအတွက် မဟာဗျူဟာဆွေးနွေးပွဲ စတင်

ကိုရီးယားနှင့် မွန်ဂိုးလီးယားတို့သည် အရေးပါသတ္တုဓာတ်များ၊ ထောက်ပံ့ရေးကွင်းဆက်နှင့် အခြား မဟာဗျူဟာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် ရည်ရွယ်သည့် ဒုဝန်ကြီးအဆင့် မဟာဗျူဟာဆွေးနွေးပွဲကို ယခုသီတင်းပတ်အတွင်း စတင်လိုက်ကြောင်း ဆိုးလ်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
ပထမဒုနိုင်ငံခြားရေးဝန်ကြီး ပတ်ယွန်ဂျူ (Park Yoon-joo) သည် တနင်္လာနေ့က မွန်ဂိုးလီးယားနိုင်ငံ ဥလန်ဘာတာ (Ulaanbaatar) မြို့၌ မွန်ဂိုးလီးယားနိုင်ငံခြားရေး ဒုဝန်ကြီး ဂုံးဘိုဆူရင် အမာတ်ဗ်ဆူဗင် (Gombosuren Amartuvsuin) နှင့်အတူ ကိုရီးယား-မွန်ဂိုးလီးယား နှစ်နိုင်ငံ မဟာဗျူဟာဆွေးနွေးပွဲ၏ ပထမဆုံးအစည်းအဝေးကို ကျင်းပခဲ့ပြီး အဓိကကဏ္ဍများအတွက် ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။
ပတ်ယွန်ဂျူက ရှားပါးသတ္တုများ၊ အရေးပါသတ္တုဓာတ်များ၊ ထောက်ပံ့ရေးကွင်းဆက်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နိုင်ငံတကာရေးရာများတွင် နှစ်နိုင်ငံစလုံးအတွက် တိုက်ရိုက်အကျိုးရှိနိုင်မည့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနီးကပ်လာစေရန် တိုက်တွန်းခဲ့သည်။ အမာတ်ဗ်ဆူဗင်ကလည်း ဤဆွေးနွေးပွဲအသစ်သည် အပြန်အလှန်အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို လက်တွေ့ရလဒ်များအဖြစ် ပြောင်းလဲပေးနိုင်ပြီး စိမ်းလန်းနည်းပညာနှင့် ဉာဏ်ရည်တု (AI) ကဏ္ဍများအပါအဝင် အနာဂတ်ဦးတည် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်သည် ကိုရီးယားကျွန်းဆွယ်အခြေအနေများကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး မြှင့်တင်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူခဲ့ကြသည်။