ထရမ့်၏ H-1B ဗီဇာကြေး ဒေါ်လာ 100,000 သတ်မှတ်မှု ဥပဒေနှင့်မညီကြောင်း အမေရိကန်တရားသူကြီး ဆုံးဖြတ်

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က အရည်အချင်းမြင့် နိုင်ငံခြားလုပ်သားများအတွက် အသစ်ထုတ်ပေးမည့် H-1B ဗီဇာများအပေါ် သတ်မှတ်ခဲ့သည့် ဒေါ်လာ 100,000 ကြေးမှာ ဥပဒေနှင့်မညီကြောင်း အမေရိကန် ဖက်ဒရယ်တရားသူကြီးတစ်ဦးက ပယ်ဖျက်လိုက်သည်။ တရားသူကြီးက အဆိုပါငွေကြေးသည် ကွန်ဂရက်၏ ခွင့်ပြုချက်မပါဘဲ ချမှတ်ထားသည့် အခွန်တစ်မျိုးဖြစ်သည်ဟု သုံးသပ်ခဲ့သည်။
ဘော်စတန်မြို့ရှိ အမေရိကန် ခရိုင်တရားသူကြီး လီယို ဆိုရိုကင်က အဆိုပါအမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရက်တစ်ပါတီဝင် ပြည်နယ်ရှေ့နေချုပ် 20 ဦးက တင်သွင်းထားသည့် အမှုတွင် ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။ ထရမ့်က စက်တင်ဘာလအတွင်း ကြေညာခဲ့သော အဆိုပါ ကြေးမြှင့်တင်မှုကြောင့် H-1B ဗီဇာရယူရန် ကုန်ကျစရိတ်မှာ သိသိသာသာ မြင့်တက်သွားခဲ့သည်။
H-1B အစီအစဉ်အရ နှစ်စဉ် ဗီဇာ 65,000 စောင် ထုတ်ပေးပြီး အဆင့်မြင့်ဘွဲ့ရ လုပ်သားများအတွက် ထပ်တိုး 20,000 စောင် ထုတ်ပေးသည်။ ယခင်က နိုင်ငံခြားလုပ်သားတစ်ဦးအတွက် ဗီဇာလျှောက်ထားရာတွင် အလုပ်ရှင်များက ပုံမှန်အားဖြင့် အခြေအနေပေါ်မူတည်၍ ဒေါ်လာ 2,000 မှ 5,000 ခန့်သာ ပေးဆောင်ရလေ့ရှိကြောင်း သိရသည်။
တရားရုံးသို့ တင်သွင်းထားသည့် စာတမ်းများအရ ကြေးမြင့်တက်မှုကြောင့် H-1B ဗီဇာလျှောက်ထားမှုများ လျော့ကျလာခဲ့သည်။ အမေရိကန် နိုင်ငံသားဖြစ်မှုနှင့် လူဝင်မှုကြီးကြပ်ရေးဌာန (USCIS) သည် 2026 ခုနှစ် ဖေဖော်ဝါရီ 15 ရက်အထိ ဒေါ်လာ 100,000 ကြေးကို ပေးဆောင်ထားသည့် လျှောက်ထားမှု 85 ခုသာ လက်ခံရရှိခဲ့ကြောင်း အစိုးရက မတ်လတွင် တင်သွင်းသော စာတမ်းတွင် ဖော်ပြခဲ့သည်။
အစိုးရဘက်ကမူ အဆိုပါကြေးသည် နိုင်ငံခြားသားအချို့၏ ဝင်ရောက်မှုကို ကန့်သတ်ရန် ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးဥပဒေအရ သမ္မတအား ပေးအပ်ထားသည့် တရားဝင်အာဏာအတွင်းက သတ်မှတ်နိုင်သော ငွေကြေးဒဏ်ကြေးတစ်ရပ်ဖြစ်ကြောင်း ငြင်းဆိုခဲ့သည်။ သို့သော် သမ္မတ ဘားရက် အိုဘားမားက ခန့်အပ်ထားသော တရားသူကြီး ဆိုရိုကင်က ၎င်းကို ဒဏ်ကြေးမဟုတ်ဘဲ ကွန်ဂရက်၏ ခွင့်ပြုချက်မရှိဘဲ သမ္မတထရမ့် မထုတ်ပြန်နိုင်သည့် အခွန်တစ်မျိုးအဖြစ် သတ်မှတ်ခဲ့သည်။
“ဤနေရာတွင် ဒေါ်လာ 100,000 ပေးဆောင်မှု၏ သဘောသဘာဝနှင့် အသုံးချပုံက ၎င်းသည် မည်သို့ပင် အမည်တပ်ထားစေကာမူ အခွန်တစ်ရပ်ဖြစ်ကြောင်း ပြသနေသည်” ဟု ၎င်းက ရေးသားခဲ့သည်။ အိမ်ဖြူတော်ကမူ မှတ်ချက်ပေးရန် တောင်းဆိုမှုအပေါ် ချက်ချင်း တုံ့ပြန်ခြင်း မရှိခဲ့ကြောင်း သိရသည်။