My

ကိုရီးယားနိုင်ငံက ၂၀၂၇ ခုနှစ် IAEA ဖျူးရှင်းစွမ်းအင်ညီလာခံကို အိမ်ရှင်အဖြစ် ကျင်းပမည်

Sci/Tech

ကိုရီးယားနိုင်ငံက ၂၀၂၇ ခုနှစ် IAEA ဖျူးရှင်းစွမ်းအင်ညီလာခံကို အိမ်ရှင်အဖြစ် ကျင်းပမည်

2026.04.02Zaymy Official80

တောင်ကိုရီးယားနိုင်ငံသည် ၂၀၂၇ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ ဖျူးရှင်းစွမ်းအင်ညီလာခံ (Fusion Energy Conference – FEC) ကို ဆိုးလ်မြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိပ္ပံနှင့် ICT ဝန်ကြီးဌာနက ထုတ်ပြန်သည်။ ယင်းညီလာခံသို့ နိုင်ငံပေါင်း ၄၀ ခန့်မှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်မည်ဟု ခန့်မှန်းထားသည်။

သိပ္ပံနှင့် ICT ဝန်ကြီးဌာနသည် IAEA နှင့် အွန်လိုင်းမှတစ်ဆင့် Host Government Agreement ကို လက်မှတ်ရေးထိုးခဲ့ပြီး ဆိုးလ်မြို့ကို ၂၀၂၇ ခုနှစ် FEC ၏ အိမ်ရှင်မြို့အဖြစ် တရားဝင်သတ်မှတ်ခဲ့သည်။ ၃၁ ကြိမ်မြောက် FEC ကို အောက်တိုဘာ ၄ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အစိုးရကိုယ်စားလှယ်အဖွဲ့များနှင့် ကျွမ်းကျင်သူဦးရေ ၁,၅၀၀ ခန့် တက်ရောက်ကာ နျူကလီးယား ဖျူးရှင်းစွမ်းအင်ကဏ္ဍ၏ နောက်ဆုံးပေါ် လမ်းကြောင်းများကို ဖလှယ်ဆွေးနွေးမည်ဖြစ်သည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဖျူးရှင်းစွမ်းအင်နည်းပညာများသည် စီးပွားဖြစ် အသုံးချနိုင်ရေး၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် စံချိန်စံညွှန်း သတ်မှတ်ရေးလုပ်ငန်းစဉ်များတွင် အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည့်အချိန်တွင် အဆိုပါညီလာခံသည် ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ဖလှယ်မှုများအတွက် အရေးပါသော စင်မြင့်တစ်ခု ဖြစ်လာမည်ဟု ဆိုသည်။ ထို့အပြင် အစိုးရ၊ သုတေသနအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများက အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စနစ်တကျ ပြင်ဆင်သွားမည်ဖြစ်ပြီး ကိုရီးယားနိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင် လုပ်ငန်းစု၏ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်အတွင်း အရေးပါသော မိတ်ဖက်နိုင်ငံအဖြစ် ရပ်တည်လာနိုင်ရန်လည်း အထောက်အကူဖြစ်စေမည်ဟု ဖော်ပြထားသည်။

ကိုရီးယားနိုင်ငံသည် ယခင်ကလည်း ၂၀၁၀ ခုနှစ်တွင် ဒါေဂျွန် (Daejeon) မြို့၌ FEC ကို လက်ခံကျင်းပခဲ့ဖူးသည်။ IAEA သည် ပထမဆုံး FEC ကို ၁၉၆၁ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။

Leave a Comment

Your email address will not be published. Required fields are marked *