Frace ၏ Order of Arts and Letters ဆုကို ကိုရီးယားကာတွန်းအနုပညာရှင် Kim Keum-suk ပထမဆုံး လက်ခံရရှိ

ကိုရီးယားကာတွန်းအနုပညာရှင် Kim Keum-suk သည် ပြင်သစ်နိုင်ငံ၏ ဂုဏ်ပြုဆုတစ်ခုဖြစ်သော Chevalier of the Order of Arts and Letters ဆုကို ချီးမြှင့်ခံခဲ့ရပြီး၊ ယင်းဆုကို လက်ခံရရှိသည့် ပထမဆုံး ကိုရီးယားကာတွန်းအနုပညာရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း Korea Manhwa Contents Agency က သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။
အသက် ၅၅ နှစ်အရွယ် Kim Keum-suk သည် ဂျပန်ကိုလိုနီခေတ်အတွင်း လိင်ကျွန်ပြုခံခဲ့ရသူတစ်ဦး၏ အတွေ့အကြုံကို ရေးဖွဲ့ထားသည့် “Grass” နှင့် Jeju April 3 Uprising ကို အခြေခံသည့် “Jiseul” တို့ကြောင့် ထင်ရှားသူဖြစ်သည်။ Order of Arts and Letters သည် ပြင်သစ်နိုင်ငံ၏ အနုပညာနှင့် စာပေကဏ္ဍများတွင် ထူးချွန်စွာ ပံ့ပိုးကူညီခဲ့သူများကို ပေးအပ်သည့် အရေးပါသော ယဉ်ကျေးမှုဂုဏ်ပြုဆုတစ်ခုဖြစ်ပြီး Commandeur, Officier, Chevalier ဟူသော အဆင့် ၃ ဆင့် ရှိကြောင်း သိရသည်။
အဆိုပါ ဆုချီးမြှင့်ပွဲကို မေလ ၂၈ ရက်က ဆိုးလ်မြို့ရှိ ပြင်သစ်သံရုံးတွင် ကျင်းပခဲ့ပြီး Kim Keum-suk နှင့်အတူ ပြင်သစ်နိုင်ငံ၏ ကိုရီးယားဆိုင်ရာ သံအမတ် Philippe Bertoux နှင့် Korea Manhwa Contents Agency ဥက္ကဋ္ဌ Baek Jong-hoon တို့ တက်ရောက်ခဲ့ကြသည်။ Kim Keum-suk သည် တက္ကသိုလ်တွင် ပန်းချီပညာကို လေ့လာခဲ့ပြီးနောက် ပြင်သစ်တွင် ပန်းပုနှင့် installation အထူးပြု ဒေါက်တာသင်တန်းကို ဆက်လက်သင်ယူခဲ့သည်။
အသက်မွေးဝမ်းကြောင်းအတွက် ဘာသာပြန်အဖြစ် လုပ်ကိုင်နေစဉ် ကာတွန်းအနုပညာနှင့် စတင်ထိတွေ့ခဲ့ပြီး ၄၀ ကျော်အရွယ်တွင်ပင် ၂၀၁၂ ခုနှစ် ပြင်သစ်၌ ထုတ်ဝေခဲ့သည့် “Le Chant de mon père” (The Song of My Father) ဖြင့် ကာတွန်းအနုပညာရှင်အဖြစ် စတင်လျှောက်လှမ်းခဲ့သည်။ ထို့အပြင် ၂၀၂၀ ခုနှစ်တွင် “Grass” ဖြင့် ကာတွန်းလောက၏ အော်စကာဟု တင်စားခေါ်ဆိုကြသည့် Harvey Award ကိုလည်း ရရှိထားသည်။