‘ကျွန်တော်တို့ကို အမြတ်ထုတ်သွားတယ်’ ဟု စွပ်စွဲကာ အီရန်ကို ထပ်မံတိုက်ခိုက်မည်ဟု ထရမ့် ပြော

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ဗုဒ္ဓဟူးနေ့တွင် အီရန်ကို ထပ်မံတိုက်ခိုက်မည်ဟု ပြောကြားပြီး တီဟီရန်၏ ငြိမ်းချမ်းရေးညှိနှိုင်းရေးအဖွဲ့က “ကျွန်တော်တို့ကို အမြတ်ထုတ်သွားတယ်” ဟု စွပ်စွဲခဲ့သည်။ ဧပြီလက စတင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးမှာလည်း ယင်းဖြစ်စဉ်များကြောင့် ပိုမိုယိုင်နဲ့လာနေကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်၏ Oval Office တွင် သတင်းထောက်များကို ထရမ့်က “မနေ့က သူတို့ကို ပြင်းပြင်းထန်ထန် တိုက်ခဲ့တယ်။ ဒီနေ့လည်း ထပ်ပြီး ပြင်းပြင်းထန်ထန် တိုက်မယ်” ဟု ပြောသည်။ “သူတို့ကို တိုက်ခိုက်သွားမယ် — အလွန်ပြင်းပြင်းထန်ထန် တိုက်မယ်” ဟုလည်း ဆိုသည်။ အမေရိကန်ဘက်ကလည်း ၎င်းတို့၏ Apache ရဟတ်ယာဉ်တစ်စင်း ပစ်ချခံရခြင်းအပေါ် လက်တုံ့ပြန်မှုအဖြစ် အင်္ဂါနေ့က အီရန်ကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားထားပြီး လေယာဉ်အမှုထမ်း ၂ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်ဟု ဆိုသည်။
ထရမ့်က အီရန်၏ တံတားများနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ပစ်မှတ်ထား တိုက်ခိုက်ရန် အမိန့်ပေးနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။ ယင်းအစီအစဉ်ကို အပစ်အခတ်ရပ်စဲရေးမတိုင်မီကတည်းက ခြိမ်းခြောက်ခဲ့ဖူးသော်လည်း အကောင်အထည်မဖော်ခဲ့ဖူးကြောင်း သိရသည်။ AFP သတင်းထောက်တစ်ဦးက Fox News ၏ အစီရင်ခံစာအကြောင်း မေးမြန်းရာ “အဲဒီလိုတော့ မပြောဘူး။ ဒါပေမယ့် လုပ်နိုင်တယ်” ဟု ထရမ့်က တုံ့ပြန်ခဲ့သည်။
အီရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများအပေါ် ထရမ့်ကလည်း စိတ်မရှည်ဖြစ်လာနေသည့် လက္ခဏာ ပြခဲ့သည်။ “ကျွန်တော်တို့ သဘောတူညီမှုတစ်ခုရဖို့ တကယ်ပဲ နီးကပ်ခဲ့တယ်။ ဒါပေမယ့် သူတို့က ကျွန်တော်တို့ကို လှည့်ပတ်ပြီး အမြတ်ထုတ်နေတယ်” ဟု ပြောပြီး “လက်မှတ်ထိုးဖို့ပဲ လိုတယ်။ အားလုံး ညှိနှိုင်းပြီးသားပါ။ အကုန်လုံး ပြီးဆုံးထားတာပဲ၊ ဒါပေမယ့် သူတို့က ဆွဲထားတယ်၊ ဆွဲထားတယ်။ အဲဒါကြောင့် ‘ကဲ၊ နောက်ထပ် နည်းနည်း ရက်ပေးလိုက်မယ်’ လို့ ကျွန်တော်ပြောတယ်” ဟု ဆိုခဲ့သည်။
ထရမ့်က ဗုဒ္ဓဟူးနေ့ အစောပိုင်း Truth Social ပို့စ်တစ်ခုတွင်လည်း အရှေ့အလယ်ပိုင်း ပဋိပက္ခအတွက် သဘောတူညီမှုရရန် အီရန်က အချိန်ကြာမြင့်လွန်းနေပြီး ယခုအခါ “အဖိုးအခ ပေးရမည်” ဟု သတိပေးခဲ့သည်။ “အရှေ့အလယ်ပိုင်းရဲ့ အနိုင်ကျင့်သူက သေဆုံးသွားပြီ!!! သူတို့အတွက် အလွန်ကောင်းမယ့် သဘောတူညီမှုတစ်ခုအတွက် ဆွေးနွေးဖို့ အချိန်အလွန်ကြာခဲ့ပြီ၊ အခုတော့ အဖိုးအခ ပေးရမယ်!!!” ဟု ရေးသားခဲ့သည်။ ယင်းသည် အင်္ဂါနေ့က သတင်းထောက်များကို “အဆုံးသတ်အနီးဆုံး” အဆင့်ရောက်နေပြီး “၂ ရက် သို့မဟုတ် ၃ ရက်” အတွင်း ပြီးနိုင်သည်ဟု ပြောခဲ့သည့် ယခင်မှတ်ချက်များနှင့် ကြီးမားစွာ ကွဲပြားနေသည်။
ထိုနေ့တွင်ပင် ထရမ့်က အီရန်သင်္ဘောတင်ပို့မှုအပေါ် အမေရိကန်၏ ပိတ်ဆို့မှုသည် သမိုင်းတလျှောက် “အအောင်မြင်ဆုံး” ဖြစ်ကြောင်း ချီးကျူးပြီး “သံမဏိတံတိုင်း” ဟု ခေါ်ဝေါ်ခဲ့သည်။ ယင်းပိတ်ဆို့မှုကြောင့် အီရန်၏ စီးပွားရေးလှုပ်ရှားမှုများ ရပ်တန့်သွားပြီး စစ်တပ်လစာပေးချေရခြင်းကို တားဆီးနိုင်ခဲ့သော်လည်း အခြားနိုင်ငံများအနေဖြင့် ရေနံအများအပြား တင်ပို့နိုင်ဆဲဖြစ်ကြောင်းလည်း သူကဆိုသည်။
အင်္ဂါနေ့ ညနေပိုင်းက အမေရိကန်၏ တိုက်ခိုက်မှုများအတွင်း U.S. Central Command က အမေရိကန်လေတပ်နှင့် ရေတပ်တို့က ကွပ်ကဲရေးနှင့် ထိန်းချုပ်ရေး၊ ကာကွယ်ရေးနှင့် စောင့်ကြည့်ရေးစခန်းများကို ပစ်မှတ်ထားခဲ့ကြောင်း ပြောကြားသည်။ ထို့နောက် ဗုဒ္ဓဟူးနေ့တွင် အီရန်ကလည်း ဂျော်ဒန်နှင့် ဘာရိန်းရှိ အမေရိကန်အခြေစိုက်စခန်းများကို တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုခဲ့သည်။