အသက် ၁၁ နှစ်အရွယ် မိန်းကလေး သေဆုံးမှုအပေါ် မက်ခရွန်က တရားစီရင်ရေးစနစ်၏ ‘လက်မခံနိုင်သော’ ပေါ့လျော့မှုကို ပြင်းထန်စွာ ဝေဖန်

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးမှုနှင့် ဆက်စပ်၍ တရားစီရင်ရေးစနစ်အတွင်း “လက်မခံနိုင်သော” ပေါ့လျော့မှုများ ရှိနေကြောင်း ပြင်းထန်စွာ ဝေဖန်ပြောဆိုလိုက်သည်။ အဓိက သံသယတရားခံမှာ ယခင်က ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြင့် နှစ်ကြိမ် စွပ်စွဲခံခဲ့ရသူဖြစ်ကြောင်း ပေါ်ပေါက်လာပြီးနောက် ယင်းသို့ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။
သတင်းများအရ “လိုင်ဟန်နာ” ဟုသာ ဖော်ပြထားသော မိန်းကလေးသည် မေ ၂၉ ရက်တွင် ပြင်သစ်အနောက်တောင်ပိုင်း ဖလဲရန်စ် (Fleurance) မြို့အနီး ပျောက်ဆုံးသွားခဲ့ပြီး နောက်ဆုံးအကြိမ်အား လူတစ်ဦး၏ ကားပေါ်သို့ တက်သွားသည်ကို တွေ့မြင်ခဲ့ရသည်။ ရက်အတန်ကြာ နယ်မြေတစ်လျှောက် စုံစမ်းရှာဖွေပြီးနောက် ဇွန် ၅ ရက် ကြာသပတေးနေ့တွင် အနီးရှိ ပူရာဆကွီယာ (Puycasquier) ရွာမှ အသုံးမပြုတော့သည့် သိုလှောင်ခန်းတစ်ခုအတွင်း ကလေးတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ပြီး ဝတ်ဆင်ထားသည့် အဝတ်အစားများလည်း လိုင်ဟန်နာ၏ အဝတ်အစားများနှင့် ဆင်တူနေကြောင်း သိရသည်။ သို့ရာတွင် တရားဝင် အတည်ပြုဖော်ထုတ်မှု လုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်နေဆဲဖြစ်သည်။
အဓိက သံသယတရားခံမှာ လိုင်ဟန်နာ၏ ကျောင်းဖော်တစ်ဦး၏ ဖခင်ဖြစ်သူ အသက် ၄၁ နှစ်အရွယ် ကလေးနှစ်ဦး၏ ဖခင်ဖြစ်ပြီး လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည်။ ၎င်းအား ယခင်ကလည်း ကလေးတစ်ဦးကို မုဒိမ်းကျင့်ခဲ့သည်ဟု တရားဝင် စွပ်စွဲခံရမှု ၂ ကြိမ် ရှိခဲ့သော်လည်း စုံစမ်းစစ်ဆေးမှုများမှာ ရပ်တန့်သွားခြင်း သို့မဟုတ် တိုးတက်မှု မရှိဘဲ ကျန်ရစ်ခဲ့ကြောင်း ထုတ်ဖော်သိရှိရသည်။
မက်ခရွန်က မွန်တီနီဂရိုးတွင် ကျင်းပနေသည့် ဥရောပ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေစဉ် “စနစ်ပိုင်းဆိုင်ရာ ပျက်ကွက်မှု ရှိနေသည်မှာ ထင်ရှားသည်။ ဒါက လက်မခံနိုင်စရာပါ” ဟု ပြောကြားခဲ့သည်။
ပြင်သစ်ဝန်ကြီးချုပ် ဆေဘက်စတီယန် လီကော်နူ (Sebastien Lecornu) ကလည်း အရေးပေါ်အစည်းအဝေးတွင် တရားရေး၊ ပြည်ထဲရေးနှင့် ဘတ်ဂျက်ဝန်ကြီးများကို ယင်းအမှုအပေါ် “အထူးထိတ်လန့်မိသည်” ဟု ပြောကြားခဲ့ပြီး အုပ်ချုပ်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု၏ အကြမ်းဖျဉ်းအစီရင်ခံစာကို ၂ ပတ်အတွင်း တင်ပြရန် တောင်းဆိုခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ပြောသည်။ တရားရေးဝန်ကြီး ဂျရယ်လ် ဒာမနင် (Gerald Darmanin) ကလည်း တနင်္လာနေ့ နံနက်တွင် ပဲရစ်မြို့ရှိ အများပြည်သူ အမှုစစ်များအားလုံးကို ခေါ်ယူရန် စီစဉ်ထားကြောင်း သိရသည်။
အလောင်းတွေ့ရှိရာ ပူရာဆကွီယာရွာ၏ မြို့တော်ဝန် လူးဝစ် တာချီ (Louis Turchi) က AFP သို့ “ရွာတစ်ရွာလုံး အံ့အားသင့်နေကြတယ်။ ကျွန်တော်လည်း အတူတူပါပဲ” ဟု ပြောကြားခဲ့သည်။ ဖလဲရန်စ်မြို့တော်ဝန် ဂရေဂိုရီ ဘော့ဘာတို (Gregory Bobbato) ကလည်း စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ပုံတွင် အလွန်အမင်း မှားယွင်းနေသည်ဟု ကြာသပတေးနေ့တွင် ပြောဆိုခဲ့သည်။ “ကလေးတွေကို ကာကွယ်ဖို့ သက်သေအထောက်အထားတွေ အပြည့်အဝ ထွက်ပေါ်လာမှပဲ အရေးယူကြရမလား” ဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။
အမှုစစ် ခလေမန်စ် မေယဲ (Clemence Meyer) က သံသယတရားခံအပေါ် ယခင်က တိုင်ကြားမှုများကို ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် မိခင်တစ်ဦးက ၎င်း၏ ၁၇ နှစ်အရွယ် သမီးနှင့် ထိုသူကြား အချစ်ရေးဆက်ဆံမှု ရှိနေသည်ဟု တိုင်ကြားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် မိန်းကလေးက သဘောတူညီမှုရှိခဲ့ကြောင်း ပြောဆိုသဖြင့် အမှုကို ပိတ်သိမ်းခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင်လည်း ၂၀၂၀ ခုနှစ်အတွင်း ၎င်း၏ နေအိမ်၌ အသက် ၁၅ နှစ်အောက် ကလေးတစ်ဦးကို မုဒိမ်းကျင့်ခဲ့သည်ဟု စွပ်စွဲတိုင်ကြားခဲ့သော်လည်း သက်သေမလုံလောက်ဟု ဆိုကာ ၂၀၂၄ ခုနှစ်တွင် ပယ်ချခဲ့သည်။ ထို့အပြင် ၂၀၂၅ ခုနှစ် သြဂုတ် ၂၂ ရက်တွင် ၂၀၁၄ ခုနှစ်မွေး မိန်းကလေးတစ်ဦး၏ မိခင်ကလည်း ၂၀၂၄ ခုနှစ် စက်တင်ဘာမှ ၂၀၂၅ ခုနှစ် မေလအတွင်း ၎င်း၏ကလေးကို အိမ်တွင် မုဒိမ်းကျင့်ခဲ့သည်ဟု စွပ်စွဲတိုင်ကြားခဲ့ကြောင်း အမှုစစ်က ဆိုသည်။ သို့သော် လိုင်ဟန်နာ ပျောက်ဆုံးသွားသည့်အချိန်အထိ ရဲတပ်ဖွဲ့က ၎င်းကို မစစ်ဆေးရသေးကြောင်း သိရသည်။
ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုင်ရာ လွတ်လပ်သော ကော်မရှင် CIVIISE ကို ကိုယ်စားပြုသူ ဒနီးစ် ရော့သ်-ဖီးချ် (Denis Roth-Fichet) က ယခုအမှုသည် ပိုမိုကျယ်ပြန့်သည့် ပြဿနာတစ်ရပ်ကို ထင်ဟပ်နေကြောင်း AFP သို့ ပြောကြားခဲ့သည်။ ၎င်း၏အဆိုအရ ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုဟု တိုင်ကြားသည့်အမှုများအနက် လေးမှုတွင် သုံးမှုနီးပါးမှာ စုံစမ်းစစ်ဆေးမှု ပိတ်သိမ်းခံရပြီး အသက်မပြည့်သူအပေါ် လိင်အကြမ်းဖက်မှု တိုင်ကြားမှုများ၏ ၇ ရာခိုင်နှုန်းသာလျှင်၊ ကလေးငယ်ကို မုဒိမ်းကျင့်မှုဆိုင်ရာ တိုင်ကြားမှုများ၏ ၃ ရာခိုင်နှုန်းသာလျှင် ပြစ်ဒဏ်ချမှတ်မှုဖြင့် အဆုံးသတ်နေကြောင်း CIVIISE ၏ အချက်အလက်များက ဖော်ပြထားသည်။
လာမည့်နှစ် သမ္မတရွေးကောက်ပွဲအတွက် ဝင်ပြိုင်မည့် အဓိက နိုင်ငံရေးသမားများကလည်း အမှုအပေါ် ထုတ်ဖော်ပြောဆိုလာကြသည်။ ဗဟို-ညာဘက် အဖွဲ့မှ အဓိက ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် အဒွာရာ ဖိလစ်ပ် (Edouard Philippe) က ကြာသပတေးနေ့တွင် စုံစမ်းစစ်ဆေးမှုများကို ပိုမိုမြန်ဆန်စေပြီး ကလေးများကို ပိုမိုကောင်းမွန်စွာ ကာကွယ်ရမည်ဟု တိုက်တွန်းခဲ့သည်။ “ကလေးတစ်ဦးက သက်သေထွက်ဆိုပြီးပြီဆိုရင် နိုင်ငံတော်စနစ်တစ်လုံး ဘာကြောင့် ချက်ချင်း အရေးပေါ်အခြေအနေ မဝင်သင့်တာလဲ” ဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။ အလွန်ညာယိမ်း ကိုယ်စားလှယ် ဂျော်ဒန် ဘာဒယ်လာ (Jordan Bardella) ကလည်း Marine Le Pen ကို ရာထူးဝင်ခွင့် ပိတ်ပင်ခံရပါက ဝင်ပြိုင်မည့်သူအဖြစ် မဲပေါ်လ်များတွင် ဦးဆောင်နေသူဖြစ်ပြီး ယခုအမှုသည် “ရှောင်လွှဲနိုင်ခဲ့သင့်ပြီး ဖြစ်သင့်” သော ရာဇဝတ်မှုတစ်ခုဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အမျိုးသမီးအခွင့်အရေး လှုပ်ရှားရေးအဖွဲ့ Women’s Foundation မှ အန်-ဆဲစီလ် မယ်လ်ဖဲတ် (Anne-Cecile Mailfert) ကလည်း ယခုသီတင်းပတ်အစောပိုင်းတွင် ကလေးတစ်ဦးက သတ္တိရှိစွာ ထုတ်ဖော်ပြောကြားခဲ့သော်လည်း တရားစနစ်က ကလေးများကို ကာကွယ်ရာ၌ ပျက်ကွက်နေကြောင်း ပြောဆိုခဲ့သည်။ “စနစ်က အလုပ်မလုပ်ပါဘူး” ဟု ၎င်းက ဆိုသည်။ Union for Childhood အဖွဲ့မှ မီရှယ်လ် ခရဖ် (Michele Creoff) ကလည်း “ဒီလူရဲ့ ကွန်ပျူတာကို စစ်ဆေးခဲ့ကြလား။ သူ ဝင်ကြည့်တဲ့ ဝက်ဘ်ဆိုက်တွေကိုရော” ဟု မေးခွန်းထုတ်ကာ အမျက်ထွက်ခဲ့သည်။