ကွန်ဂိုရှိ အီဘိုလာကူးစက်မှုကို ဘူနီယာရေဒီယိုဌာနက မှားယွင်းသတင်းများ တိုက်ဖျက်

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ရှားပါးသည့် ဘွန်ဒီဘူဂျို (Bundibugyo) အမျိုးအစား အီဘိုလာရောဂါ ပျံ့နှံ့နေချိန်၌ ဘူနီယာမြို့ရှိ ရေဒီယိုဌာနတစ်ခုက မှားယွင်းသတင်းနှင့် မယုံကြည်မှုများကို တုံ့ပြန်ရန် အစီအစဉ်သစ်တစ်ခု ထုတ်လွှင့်လျက်ရှိသည်။ မေလ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် ရောဂါဖြစ်ပွားမှုအခြေအနေအရ ယခုအချိန်အထိ အတည်ပြုလူနာ ၃၈၁ ဦးနှင့် သေဆုံးသူ အနည်းဆုံး ၆၃ ဦး ရှိလာပြီဖြစ်သည်။
အာဖရိကအလယ်ပိုင်းရှိ ကွန်ဂိုနိုင်ငံ အရှေ့ပိုင်း အီကျူရီပြည်နယ်မြို့တော် ဘူနီယာတွင် အဓိကဖြစ်ပွားနေသည့် ယခုအီဘိုလာအမျိုးအစားသည် အစပိုင်းတွင် သတိမပြုမိဘဲ ရက်သတ္တပတ်များစွာ ပျံ့နှံ့ခဲ့ကြောင်း သိရသည်။ မေလတွင် ရောဂါဖြစ်ပွားမှုကို ကြေညာချိန်၌ လူနာအရေအတွက် ရာနှင့်ချီ ရှိနိုင်ကြောင်း ခန့်မှန်းခဲ့သော်လည်း ဒေသခံအများအပြားက ယင်းသတင်းကို “အနောက်နိုင်ငံများ၏ ပူးပေါင်းကြံစည်မှု” ဟု သံသယထားခဲ့ကြသည်။ ကွန်ဂိုကျန်းမာရေးဝန်ကြီး ဆမ်မြူယဲလ် ရော်ဂျာ ကမ်ဘာက ကြာသပတေးနေ့ညတွင် အတည်ပြုကိန်းဂဏန်းများကို ထုတ်ပြန်ခဲ့သည်။
ဘူနီယာမြို့ရှိ Radio Television Mont Bleu မှ သတင်းသမားနှင့် အယ်ဒီတာချုပ် Verite Johnson က ကောလာဟလများကို တိုက်ဖျက်ရန် အစီအစဉ်အသစ်တစ်ခု စတင်ခဲ့သည်။ မိနစ် ၄၅ မိနစ် ကြာမြင့်သည့် အဆိုပါအစီအစဉ်ကို နေ့စဉ် နံနက် ၁၀ နာရီတွင် ထုတ်လွှင့်ပြီး အန္တရာယ်များကို သတိပေးခြင်း၊ ကျန်းမာရေးကျွမ်းကျင်သူများကို ဖိတ်ခေါ်ကာ နောက်ဆုံးအခြေအနေများကို ရှင်းလင်းပြခြင်း၊ မေးခွန်းများကို ဖြေကြားခြင်းတို့ ပြုလုပ်သည်။ ဗိုင်းရပ်စ်ဆိုင်ရာ ဂျင်ဂယ်သီချင်းများကိုလည်း တစ်နေ့တာအတွင်း အခါအားလျော်စွာ ထုတ်လွှင့်ပြီး ဒေသခံများအနေဖြင့် ဖုန်းခေါ်မေးမြန်းနိုင်သည်။ Johnson က “လူထုအတွင်း ခုခံမှုအလွှာတစ်ခု ရှိနေဆဲဖြစ်ပါတယ်။ အဲဒီနေရာမှာ မီဒီယာက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ရပါတယ်” ဟု ပြောသည်။
ကွန်ဂိုနိုင်ငံတွင် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွင်း စည်းမျဉ်းစည်းကမ်းများကို လိုက်နာလိုစိတ် နည်းပါးမှုသည် မကြာခဏတွေ့ရပြီး ၁၉၇၆ ခုနှစ်တွင် ဗိုင်းရပ်စ်ကို ပထမဆုံး တွေ့ရှိခဲ့သည့်နောက် ယခုအကြိမ်သည် ၁၇ ကြိမ်မြောက် အီဘိုလာဖြစ်ပွားမှု ဖြစ်သည်။ ထို့အပြင် ဘွန်ဒီဘူဂျိုအမျိုးအစား အီဘိုလာအတွက် လက်ရှိတွင် အတည်ပြုထားသည့် ကာကွယ်ဆေး သို့မဟုတ် ကုသဆေး မရှိသေးသဖြင့် စိုးရိမ်မှု ပိုမိုမြင့်တက်နေသည်။
ကျန်းမာရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ လူမှုကွန်ရက်များနှင့် မီဒီယာများမှတစ်ဆင့် ပျံ့နှံ့လာသည့် အခြေအမြစ်မရှိသော ကောလာဟလများကြောင့် ဒေသခံများသည် ကျန်းမာရေးသတိပေးချက်များကို လိုက်နာခြင်း သို့မဟုတ် ဆေးကုသမှုခံယူခြင်းကို ရှောင်ကြဉ်လာကြသည်။ အာဏာပိုင်များနှင့် နိုင်ငံတကာမိတ်ဖက်များက ရောဂါထိန်းချုပ်ရေးအတွက် အပြင်းအထန် ကြိုးပမ်းနေသည့်တိုင် လူအများစုသည် ရောဂါနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို မီဒီယာမှတစ်ဆင့်သာ သိရှိလာကြသည်။
အချို့ဒေသခံများက အီဘိုလာကဲ့သို့ ရောဂါများကို အခွင့်အရေးယူ အမြတ်ထုတ်သူများက ပိုမိုဆိုးရွားအောင် လုပ်နေသည်ဟု စွပ်စွဲကြသည်။ ဘူနီယာမြို့နေ အသက် ၅၂ နှစ်အရွယ် သား ၇ ဦးဖခင် ဆမ်ဆန် ဂျာဆန်က “ဆေးရုံမှာ အီဘိုလာလူနာနဲ့ တုပ်ကွေးလူနာကို ခွဲခြားမထားဘူး။ လူနာတွေကို ဆက်ဆံပုံကို ကြည့်ရင် ငွေကြောင့်ဖြစ်တယ်လို့ ကျွန်တော်တို့ ထင်မိတယ်။ ကာကွယ်ဆေးကိုတော့ ဘယ်တော့မှ မယူဘူး။ ကာကွယ်ဆေးရောက်လာရင် ပိုပြီး ကြောက်လန့်စေမယ်ထင်လို့ သေသွားတာကိုပဲ ရွေးမယ်” ဟု ပြောသည်။
လေ့လာသုံးသပ်သူများက ကွန်ဂိုနိုင်ငံတွင် လူအချို့သည် ကျန်းမာရေးစနစ်အပေါ် မယုံကြည်မှု ရှိနေသည့်အပြင် ဒေသဆိုင်ရာအရာရှိများက ရောဂါထိန်းချုပ်ရေးတွင် အပြည့်အဝ ပါဝင်မှု မရှိခြင်းတို့ကြောင့် မှားယွင်းသတင်းများ၏ သက်ရောက်မှုကို လွယ်ကူစွာ ခံစားရကြောင်း ပြောသည်။ Mercy Corps in Congo ၏ အရေးပေါ်စီမံကိန်းတာဝန်ခံ ဘာဆီလ် ရမ်ဘော့က “အရေးကြီးတာက အဆင့်တိုင်းမှာ ဒေသခံအဖွဲ့အစည်းတွေကို ပါဝင်စေဖို့ပါ။ ကျွန်တော်တို့ထင်တဲ့အရာကို လူမှုအသိုင်းအဝိုင်းအပေါ် ဖိအားပေးချင်ရင် မအောင်မြင်ဖို့ပဲ ဦးတည်နေပါတယ်။ လူတွေက တုံ့ပြန်မှုအပေါ် မယုံကြည်ဘူးဆိုရင် ကုသမှုခံယူတာ နောက်ဆုတ်မယ်၊ ကာကွယ်ရေးအစီအမံတွေကို ငြင်းပယ်မယ်၊ ကျန်းမာရေးအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်တာကို ရှောင်မယ်။ ဒါက ဗိုင်းရပ်စ်ကို ပိုမိုပျံ့နှံ့ဖို့ အချိန်ပေးသလို ဖြစ်စေတယ်” ဟု ပြောသည်။
အီကျူရီပြည်နယ်တွင် ဒေသခံများက ကျန်းမာရေးဌာနများကို အနည်းဆုံး ၃ ကြိမ် တိုက်ခိုက်ခဲ့ပြီး ကွယ်လွန်သူလူနာများ၏ အလောင်းများကို တောင်းဆိုခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုများအတွင်း အီဘိုလာကူးစက်ခံရနိုင်ခြေရှိသူအချို့ ကျန်းမာရေးဌာနများမှ ထွက်ပြေးသွားပြီးနောက် ၎င်းတို့၏ တည်နေရာကိုပင် ကျန်းမာရေးဝန်ထမ်းများ မသိနိုင်တော့ကြောင်း ဖော်ပြထားသည်။ ဘူနီယာမြို့နေ ချန်တယ် ဖရန်စင်က “အီဘိုလာနဲ့ သေဆုံးသူတစ်ဦးရဲ့ အလောင်းပုံစံကိုတောင် မသိပါဘူး။ ဖုန်းထဲက ပုံတွေ၊ မော်န့်တေးချ်တွေကိုပဲ မြင်နေရတာပါ” ဟု ပြောဆိုပြီး သေဆုံးမှုအစီရင်ခံချက်များအပေါ် သံသယရှိကြောင်း ထုတ်ဖော်ခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တေဒရော့စ် အာဒဟနမ် ဂေဘရီယေးဆပ်က ဗုဒ္ဓဟူးနေ့တွင် အစပိုင်း၌ ကျန်းမာရေးဇုန် ၃ ခုတွင်သာ ရှိခဲ့သည့် ဗိုင်းရပ်စ်သည် ယခုအခါ ၂၄ ခုအထိ လျင်မြန်စွာ ပျံ့နှံ့သွားပြီဖြစ်ကြောင်း ပြောကာ ဗိုင်းရပ်စ်သည် “အစကောင်းကောင်းနဲ့ လာခဲ့တယ်” ဟု သတိပေးခဲ့သည်။ ကျွမ်းကျင်သူများနှင့် WHO တာဝန်ရှိသူများကလည်း ရောဂါအမျိုးအစားကို မမှန်ကန်စွာ စမ်းသပ်နေခဲ့ရသည့် ရက်သတ္တပတ်များကြောင့် ထိန်းချုပ်မှု နောက်ကျခဲ့သဖြင့် ကိန်းဂဏန်းများက စစ်မှန်သည့် ကပ်ရောဂါအရွယ်အစားကို အပြည့်အဝ မထင်ဟပ်နိုင်ကြောင်း သတိပေးထားသည်။
ကွန်ဂိုအစိုးရတပ်ဖွဲ့များနှင့် ရဝမ်ဒါအားထောက်ခံသည့် M23 လက်နက်ကိုင်အဖွဲ့ကြား ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခအပြင် အစ္စလာမ္မစ်နိုင်ငံတော်နှင့် ဆက်နွယ်သည့် Allied Democratic Force ၏ တိုက်ခိုက်မှုများကြောင့်လည်း ရောဂါပျံ့နှံ့မှု ပိုမိုဆိုးရွားလာသည်ဟု ဆိုသည်။ အင်္ဂါနေ့က နော့တ်ကီဗူပြည်နယ် ဘီနီနယ်မြေတွင် ADF တိုက်ခိုက်မှုကြောင့် လူ ၁၆ ဦး သေဆုံးခဲ့သည်။ ပဋိပက္ခဒေသများမှ ပြည်သူအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးနေရခြင်းကလည်း ရောဂါထိန်းချုပ်ရေးကို ပိုမိုခက်ခဲစေခဲ့သည်။
ရောဂါဖြစ်ပွားမှု ကျယ်ပြန့်လာနေသော်လည်း Radio Television Mont Bleu က ဒေသခံပြည်သူများအတွက် အရေးကြီးသတင်းအချက်အလက်များ ဆက်လက်ပေးနေကြောင်း Johnson က ဆိုသည်။ “လူတိုင်းက သူတို့ထင်ချင်သလို ထင်နိုင်ပါတယ်။ ဒါပေမယ့် သတင်းအချက်အလက်ကတော့ မပြောင်းလဲပါဘူး။ ကပ်ရောဂါက ဒီမှာ ရှိနေပြီ” ဟု သူက ပြောသည်။