ဂါဇာစီးတီး၌ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရေးခေါင်းဆောင်အသစ် သေဆုံးကြောင်း ဟားမတ်စ် အတည်ပြု

ဂါဇာစီးတီးတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားမတ်စ်၏ စစ်ရေးအဖွဲ့ခေါင်းဆောင်အသစ် မိုဟာမက် အိုဒီဟ် သေဆုံးခဲ့ကြောင်း ဟားမတ်စ်က အတည်ပြုခဲ့သည်။ ၎င်း၏ မိသားစုဝင်များအပါအဝင် အနည်းဆုံး ၇ ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိကြောင်း သိရသည်။
ဂါဇာကမ်းမြှောင်ရှိ ဒဲအယ်လ်-ဘာလာဟ်အခြေစိုက် AP သတင်းဌာနအရ ဗုဒ္ဓဟူးနေ့တွင် ဂါဇာစီးတီး၌ ထပ်မံဖြစ်ပွားသည့် တိုက်ခိုက်မှုများကြောင့် ကလေး ၂ ဦးနှင့် အမျိုးသမီး ၁ ဦးအပါအဝင် အနည်းဆုံး ၇ ဦး သေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရခဲ့ကြောင်း ရှိဖာဆေးရုံက ပြောသည်။ အင်္ဂါနေ့က ဂါဇာစီးတီးဈေးတန်းအတွင်း ဖြစ်ပွားသည့် တိုက်ခိုက်မှုတွင် အိုဒီဟ်၊ ၎င်း၏ ဇနီးနှင့် ကလေး ၂ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၅ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံဆေးရုံများက ဆိုသည်။ ထိုတိုက်ခိုက်မှုသည် အစ္စလာမ်ဘာသာဝင်များ၏ အဓိကအားလပ်ရက်ဖြစ်သော အိဒ်အယ်လ်အဒ္ဟာ မတိုင်မီနေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးလ် ကက်ဇ်က အစ္စရေးစစ်တပ်သည် အိုဒီဟ်ကို ပစ်မှတ်ထား သုတ်သင်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့မတိုင်မီ ကြေညာထားသည်။ ဟားမတ်စ်ဘက်ကမူ အိုဒီဟ်သည် အဖွဲ့အတွင်း နှစ် ၃၀ ကျော် လှုပ်ရှားခဲ့သူဖြစ်ပြီး ဟားမတ်စ်၏ စစ်ရေးနှင့် လက်နက်ကိုင်အဖွဲ့ဖွဲ့စည်းရာ ပထမမျိုးဆက်ထဲမှ တစ်ဦးဖြစ်ကြောင်း ပြောသည်။ ကက်ဇ်က အိုဒီဟ်သည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က တောင်ပိုင်းအစ္စရေးကို ဟားမတ်စ်က တိုက်ခိုက်မှုတွင် ပါဝင်စီမံခဲ့သူများထဲမှ “ဗိသုကာ” တစ်ဦးဖြစ်သည်ဟု စွပ်စွဲပြီး စစ်ပွဲစတင်ချိန်မှစ၍ အစ္စရေးသည် ဟားမတ်စ်၏ စစ်ရေးအဖွဲ့ခေါင်းဆောင်ကို စတုတ္ထအကြိမ် သုတ်သင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ယခင်ခေါင်းဆောင် အစ္ဇ် အယ်လ်-ဒင် အယ်လ်-ဟဒ်ဒတ်သည် မေလ ၁၆ ရက်တွင် သေဆုံးခဲ့ကြောင်း ဆိုသည်။
ဗုဒ္ဓဟူးနေ့ညပိုင်းတွင် အစ္စရေးစစ်တပ်က ဂါဇာမြောက်ပိုင်း၌ ဟားမတ်စ်တပ်ဖွဲ့ဝင် ၂ ဦးကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။ ထိုအတောအတွင်း အိုဒီဟ်၏ မိသားစုအတွက် ဂါဇာစီးတီး၌ ထောင်နှင့်ချီသော လူများ စုပေါင်း သဂြိုဟ်ပွဲ ကျင်းပခဲ့ပြီး ဈာပနတက်ရောက်သူများက အလောင်း ၄ လောင်းကို ဟားမတ်စ်၏ အစိမ်းရောင်အလံများဖြင့် ဖုံးအုပ်ကာ ဗလီမှ မြို့တစ်ဝိုက် လှည့်လည်ပို့ဆောင်ခဲ့သည်။ အချို့က ၎င်း၏ပုံပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ “ကာဆမ်တပ်ဖွဲ့၏ စစ်ဦးစီးချုပ်တစ်ဦး” ဟု ဖော်ပြထားသည်။
ဂါဇာတွင် လူနေမှုအခြေအနေမှာလည်း အလွန်ဆိုးရွားလျက်ရှိသည်။ စစ်ဘေးရှောင်အများစုသည် တဲများနှင့် ယာယီခိုလှုံရာများတွင် နေထိုင်နေရပြီး အိမ်ယာဆုံးရှုံးသူများမှာ ဂါဇာရှိ လူဦးရေ ၂ သန်းကျော်အနက် ၉၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။ အဆိုပါ ယာယီစခန်းများတွင် ကြွက်များ၊ မိလ္လာရေများနှင့် အကူအညီအပေါ် မှီခိုနေရသည့် အခြေအနေများ ရှိနေသည်။ “ဒါဟာ အိဒ်မဟုတ်ပါဘူး… ကျွန်တော်တို့ သေပြီးသားပါ” ဟု ခန်းယူနစ်မှ စစ်ဘေးရှောင် မာမွတ် ဆာကာရ်က ပြောပြီး အဆက်မပြတ် သတ်ဖြတ်မှုများကြောင့် ပြည်သူများ စိတ်ဒဏ်ရာ အလွန်ပြင်းထန်စွာ ရရှိနေကြောင်း ဖော်ပြသည်။ အပျက်အစီးများကြား၊ ဘုရားကျောင်းပျက်စီးနေသည့် နေရာများအနီးတွင်ပင် လူအချို့က အိဒ်ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည်။ “အိဒ်မရှိတော့ပါဘူး။ ကျွန်မရဲ့ ကလေးတွေ သေဆုံးသွားတယ်။ ဘာကိုမှ မဆုံးရှုံးထားသူတွေအတွက်ပဲ အိဒ်က ရှိတာပါ” ဟု ဂါဇာစီးတီးမှ စစ်ဘေးရှောင် အိုင်ဒါ အယ်လ်-ဘာနာက ပြောသည်။
အောက်တိုဘာလက ရရှိခဲ့သော အစ္စရေး–ဟားမတ်စ် အပစ်အခတ်ရပ်စဲရေးမှာလည်း အားနည်းနေဆဲဖြစ်ပြီး ထိုအချိန်ကစ၍ အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၉၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ အစ္စရေးကမူ ဟားမတ်စ်ဘက်က စည်းကမ်းချိုးဖောက်မှုများ သို့မဟုတ် ၎င်း၏ စစ်သားများအပေါ် ခြိမ်းခြောက်မှုများကို တုံ့ပြန်ခြင်းဖြစ်သည်ဟု ဆိုသော်လည်း ပါလက်စတိုင်း ကျန်းမာရေးအရာရှိများက သေဆုံးသူများအနက် အရပ်သားများ အများအပြား ပါဝင်ကြောင်း ပြောသည်။ ဤကာလအတွင်း အစ္စရေးစစ်သား ၄ ဦးလည်း သေဆုံးခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလက ဟားမတ်စ် တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်တွင် လူ ၁,၂၀۰ ခန့် သေဆုံးပြီး ၂၅၁ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် အစ္စရေးက ဂါဇာတွင် စစ်ဆင်ရေးကို စတင်ခဲ့ခြင်းဖြစ်သည်။ ဂါဇာကျန်းမာရေးဝန်ကြီးဌာနအရ အစ္စရေး၏ ပစ်ခတ်မှုများကြောင့် ပါလက်စတိုင်း ၇၂,၈၀၃ ဦးကျော် သေဆုံးခဲ့ပြီး ယင်းဝန်ကြီးဌာနသည် ဟားမတ်စ်ဦးဆောင်သော အစိုးရအောက်တွင် ရှိသော်လည်း ဆေးပညာရှင်များက စုစည်းထိန်းသိမ်းထားသည့် စာရင်းအချက်အလက်များကို နိုင်ငံတကာအသိုင်းအဝိုင်းက ယေဘုယျအားဖြင့် ယုံကြည်ကိုးစားနေကြသည်။