My

အီရန်စစ်တွင် အသုံးပြုခဲ့သည့် အဆင့်မြင့်လက်နက်များ ပြန်လည်ဖြည့်တင်းရန် အမေရိကန်တွင် နှစ်ပေါင်းများစွာ ကြာနိုင်ဟု ခွဲခြမ်းစိတ်ဖြာမှုဆို

Policies

အီရန်စစ်တွင် အသုံးပြုခဲ့သည့် အဆင့်မြင့်လက်နက်များ ပြန်လည်ဖြည့်တင်းရန် အမေရိကန်တွင် နှစ်ပေါင်းများစွာ ကြာနိုင်ဟု ခွဲခြမ်းစိတ်ဖြာမှုဆို

2026.05.28Zaymy Official60

အီရန်ပဋိပက္ခအတွင်း အလွန်အကျွံ အသုံးပြုခဲ့ရသည့် Tomahawk ခရုစ်မစ်ဇိုင်များ၊ Patriot နှင့် THAAD ကြားဖြတ်မစ်ဇိုင်များကို မူလအဆင့်အတိုင်း ပြန်လည်ဖြည့်တင်းရန် အမေရိကန်အနေဖြင့် အနည်းဆုံး သုံးနှစ်ခန့် လိုအပ်မည်ဟု လေ့လာမှုအသစ်တစ်ရပ်က သုံးသပ်ထားသည်။ ထိုအခြေအနေကြောင့် တရုတ်နှင့် ဖြစ်ပေါ်လာနိုင်သည့် အနာဂတ်ပဋိပက္ခများတွင် အမေရိကန်၏ လက်နက်ခဲယမ်းစွမ်းရည် လျော့နည်းသွားနိုင်ကြောင်း စိုးရိမ်မှုများ မြင့်တက်လာနေသည်။

ဝါရှင်တန်အခြေစိုက် Strategic and International Studies (CSIS) က ထုတ်ပြန်သည့် အစီရင်ခံစာအရ အီရန်စစ်တွင် Tomahawk ခရုစ်မစ်ဇိုင် ၁,၀၀၀ လက်ကျော် အသုံးပြုခဲ့ပြီး မူလစတော့အတိုင်း ပြန်ဖြည့်တင်းရန် ၂၀၃၀ နှောင်းပိုင်းအထိ ကြာမြင့်နိုင်သည်ဟု ခန့်မှန်းထားသည်။ THAAD ကြားဖြတ်မစ်ဇိုင် ၂၉၀ လက်အထိ ပြန်လည်အစားထိုးရန် ၂၀၂၉ ခုနှစ်ကုန်အထိ စောင့်ရနိုင်သလို Patriot ကြားဖြတ်မစ်ဇိုင် ၁,၀၀၀ လက်ကျော်ကို ပြန်လည်ဖြည့်တင်းရန်လည်း ၂၀၂၉ ခုနှစ် အလယ်ပိုင်းအထိ အချိန်ယူရမည်ဟု ဆိုသည်။ CSIS က ငွေကြေးထက် “အချိန်” ကသာ အဓိကပြဿနာဖြစ်ပြီး ထုတ်လုပ်နိုင်စွမ်း တိုးချဲ့ရခြင်းနှင့် ရှုပ်ထွေးသည့် စနစ်များ တပ်ဆင်ထုတ်လုပ်ရခြင်းတို့ကြောင့် လက်နက်စတော့အခြေအနေ ပြန်လည်ကောင်းမွန်ရန် နှစ်ပေါင်းများစွာ လိုအပ်မည်ဟု ထောက်ပြထားသည်။

အီရန်စစ်အပြီး လက်နက်တင်ပို့မှုနှင့် စတော့လျော့နည်းမှုအပေါ် စိုးရိမ်မှုများသည် အမေရိကန်ကွန်ဂရက် ကြားနာပွဲများတွင်လည်း အဓိကအကြောင်းအရာတစ်ရပ် ဖြစ်လာခဲ့သည်။ ဒီမိုကရက်အချို့က ယင်းအခြေအနေကို သမ္မတ Donald Trump က လွှတ်တော်အတည်ပြုချက်မရဘဲ အီရန်စစ်ကို စတင်ခဲ့ခြင်း၏ နောက်ဆက်တွဲပြဿနာဟု ဝေဖန်နေကြပြီး၊ ရီပတ်ဘလီကန်အချို့ကမူ ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် Patriot စနစ်များကို ယူကရိန်းသို့ ပို့ခဲ့ခြင်းက စတော့လျော့နည်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောဆိုကြသည်။

Trump အစိုးရက ၂၀၂၇ ခုနှစ်အတွက် ကာကွယ်ရေးဘတ်ဂျက်ကို ဒေါ်လာ ၁.၅ ထရီလီယံအထိ ထောက်ပံ့မည့် အစီအစဉ်ဖြင့် လက်နက်ထုတ်လုပ်မှုကို အရှိန်မြှင့်နေသော်လည်း ထုတ်လုပ်မှုတိုးချဲ့ရန် အချိန်လိုအပ်ကြောင်း CSIS က သတိပေးထားသည်။ ကာကွယ်ရေးဝန်ကြီး Pete Hegseth ကလည်း Trump လက်ထက် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မှုကြောင့် ထုတ်လုပ်သူများ၏ စွမ်းရည်ကို နှစ်ဆ သို့မဟုတ် သုံးဆအထိ တိုးမြှင့်နိုင်မည်ဟု လွှတ်တော်အမတ်များကို ပြောကြားထားသည်။ သို့သော် စစ်ရေးကျွမ်းကျင်သူအချို့က အမေရိကန်၏ စစ်လက်နက်စတော့များသည် အန္တရာယ်ရှိသည့်အဆင့်အထိ ကျဆင်းသွားနိုင်ကြောင်း သတိပေးနေသည်။

Leave a Comment

Your email address will not be published. Required fields are marked *