အရောင်စုံ ဝတ်စုံဝတ် ရဲများ ဖမ်းဆီးမှုဓာတ်ပုံဟု ပျံ့နှံ့ခဲ့သည့်ပုံမှာ AI ဖြင့်ဖန်တီးထားကြောင်း ထိုင်းရဲအရာရှိ ဝန်ခံ

ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးမှောင်ခိုမှု ဖမ်းဆီးရေးစစ်ဆင်ရေးအဖြစ် ပျံ့နှံ့ခဲ့သည့် ရဲအရာရှိများက အကဝတ်စုံနှင့် တောက်ပသည့် ဝတ်စုံများ ဝတ်ဆင်ထားသော ပုံသည် အမှန်တကယ်မဟုတ်ဘဲ AI နည်းပညာဖြင့် ဖန်တီးထားခြင်းဖြစ်ကြောင်း ယင်းပုံကို တင်ခဲ့သည့် ရဲအရာရှိက ဝန်ခံခဲ့သည်။
AFP ၏ fact-check အဖွဲ့က အဆိုပါပုံကို လော့ဘူရီ (Lopburi) ပြည်နယ်ရှိ Tha Luang ခရိုင် ရဲစခန်း၏ Facebook စာမျက်နှာနှင့် ချိတ်ဆက်တွေ့ရှိခဲ့ပြီး AI အသုံးပြုဖန်တီးထားနိုင်ခြေ “အလွန်မြင့်” ကြောင်း သုံးသပ်ထားသည်။ အဆိုပါ စာမျက်နှာကို စီမံအုပ်ချုပ်သူ ရဲတပ်ကြပ် Rachata Mitrsuripong က ပုံဖန်တီးရသည့် ရည်ရွယ်ချက်မှာ ရဲတပ်ဖွဲ့ကို ပြည်သူနှင့် ပိုမိုရင်းနှီးစေရန်၊ ချစ်စရာကောင်းပြီး ဟာသဆန်သည့် ပုံရိပ်တစ်ခုအဖြစ် ပြသလိုခြင်းကြောင့်ဖြစ်ကြောင်း AFP ကို မေလ ၂၇ ရက်က ပြောကြားခဲ့သည်။
“ပြည်သူတွေက ရဲတွေကို ကြောက်ရွံ့တတ်ကြပါတယ်” ဟု ၎င်းက ဆိုသည်။ ပို့စ်တွင် ဖော်ပြထားသည့် ဖမ်းဆီးမှုကတော့ အမှန်တကယ် ဖြစ်ကြောင်း၊ မူရင်းဓာတ်ပုံတွင် သံသယရှိသူအနီး၌ ပုံမှန်အဝတ်အစားဝတ် အမျိုးသားရဲ ၅ ဦးသာ ရှိခဲ့ကြောင်းလည်း AFP ကို မူရင်းပုံနှင့်အတူ ပေးပို့ခဲ့သည်။ အဆိုပါဓာတ်ပုံကို ဒေသတွင်း မီဒီယာတစ်ခုက ပြန်လည်မျှဝေပြီးနောက် နိုင်ငံတကာအထိ ပျံ့နှံ့သွားခဲ့ကြောင်း သိရသည်။
မီဒီယာကြီးအချို့က အဆိုပါပုံကို ထိုင်းနိုင်ငံအတွင်း တကယ့် ရဲစစ်ဆင်ရေးတစ်ခုအဖြစ် ဖော်ပြခဲ့ကြသော်လည်း နောက်ပိုင်းတွင် ပုံကို တင်ခဲ့သူက AI ဖြင့် ပြုလုပ်ထားကြောင်း AFP ကို အတည်ပြုခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့အနေဖြင့် ထူးခြားသည့် ဝတ်စုံများ ဝတ်ဆင်ကာ ဖမ်းဆီးရေးဆောင်ရွက်ခြင်းသည် ပထမဆုံးအကြိမ်မဟုတ်ကြောင်းလည်း သိရပြီး ဖေဖော်ဝါရီလ Lunar New Year အခမ်းအနားကာလအတွင်း ထိုင်းရဲများက အနီနှင့်ရွှေရောင် ခြင်္သေ့ဝတ်စုံများ ဝတ်ဆင်ကာ တိုက်ခန်းဖောက်ထွင်းမှုသံသယရှိသူတစ်ဦးကို ဖမ်းဆီးခဲ့ဖူးသည်။ ထို့အပြင် လွန်ခဲ့သည့်နှစ်က ပီရူးရဲအရာရှိတစ်ဦးကလည်း capybara ဝတ်စုံ ဝတ်ဆင်၍ ဗယ်လင်တိုင်းဒေး လက်ဆောင်များ ပို့ဆောင်လာသည့် ပုံစံဖြင့် မူးယစ်ဆေးရောင်းသူ၏ အိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။