အမေရိကန်နှင့် အီရန် MOU လက်မှတ်ရေးထိုး၊ ဟော်မုဇ်ရေလက်ကြား သင်္ဘောသွားလာမှု တဖြည်းဖြည်း မြင့်တက်မည်

အမေရိကန်နှင့် အီရန်တို့သည် ရက်ပေါင်း ၄ လနီးပါး ဆက်လက်ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ကြောင်း အမေရိကန်အရာရှိများက ဇွန် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ ဟော်မုဇ်ရေလက်ကြားရှိ ကုန်သွယ်ရေကြောင်းသွားလာမှုမှာလည်း လာမည့်ကာလအတွင်း သိသိသာသာ မြင့်တက်လာမည်ဟု ဖော်ပြထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ဒုတိယသမ္မတ JD Vance နှင့် အီရန်ပါလီမန်ဥက္ကဋ္ဌ Mohammad Bagher Qalibaf တို့က အဆိုပါ MOU ကို လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ဆိုသည်။ ဝါရှင်တန်နှင့် တီဟီရန်တို့ သဘောတူညီမှုရရှိခဲ့သည့် သတင်းကြောင့် ဈေးကွက်များတွင် သက်သာရာရမှု ပေါ်ပေါက်လာသော်လည်း အီရန်၏ နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ရန် ဆွေးနွေးမှုများမှာ ဆက်လက်ရှုပ်ထွေးနိုင်သည့် အန္တရာယ်များ ရှိနေဆဲဖြစ်သည်။
အဆိုပါ သဘောတူညီချက်သည် လတ်တလောတွင် မူဘောင်အဆင့်သာ ရှိသေးသော်လည်း ဖေဖော်ဝါရီလက အမေရိကန်-အစ္စရေး ပူးတွဲတိုက်ခိုက်မှုများဖြင့် စတင်ခဲ့ပြီး လူထောင်ချီ သေဆုံးကာ ကမ္ဘာ့စွမ်းအင်ဈေးကွက်များကို ထိခိုက်စေခဲ့သည့် ပဋိပက္ခကို ဖြေရှင်းရန်အတွက် အရေးအကြီးဆုံး တိုးတက်မှုဖြစ်ကြောင်း သုံးသပ်ထားသည်။
အမေရိကန်နှင့် အီရန်ဆက်ဆံရေး အနာဂတ်တွင် မည်သို့ လည်ပတ်မည်ဆိုသည့် မူဘောင်ကို MOU က သတ်မှတ်ပေးမည်ဟုလည်း အရာရှိက ပြောသည်။ သို့သော် အီရန်အတွက် အကျိုးကျေးဇူးများဖြစ်သည့် ဒဏ်ခတ်ပိတ်ဆို့မှု လျှော့ပေါ့ပေးခြင်း သို့မဟုတ် တီဟီရန်၏ ပိတ်ဆို့ထားသော ရန်ပုံငွေများ ပြန်လည်လွှတ်ပေးခြင်းတို့မှာ အမေရိကန်နှင့် နျူကလီးယားကိစ္စရပ်တွင် ပူးပေါင်းဆောင်ရွက်လိုသည့် သဘောထားကို အီရန်ဘက်က ပြသနိုင်မှုအပေါ် မူတည်မည်ဖြစ်ကြောင်း၊ ဒေသတွင်း “အစွန်းရောက်မှု” ကို ငွေကြေးထောက်ပံ့ခြင်း မပြုရမည်ဟုလည်း အမေရိကန်ဘက်က အလေးပေးပြောဆိုခဲ့သည်။
“ပိတ်ဆို့ထားတဲ့ ရန်ပုံငွေတွေကို ပြန်လွှတ်ပေးဖို့လည်း ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လျှော့ပေါ့ပေးဖို့လည်း ပြင်ဆင်ထားပါတယ်။ သူတို့ဘက်ကလည်း ကတိကဝတ်တွေကို လိုက်နာလိုစိတ် ရှိကြောင်း ပြသတဲ့ သေးငယ်တဲ့ အချက်ပြမှုတွေ ပြုလုပ်မယ်ဆိုရင် ကျွန်တော်တို့ဘက်ကလည်း အစပိုင်းမှာ သေးငယ်တဲ့ လှုပ်ရှားမှုတွေ လုပ်မယ်” ဟု အမေရိကန်ဒုတိယအရာရှိတစ်ဦးက ပြောသည်။ MOU ကို ၂၄ နာရီမှ ၄၈ နာရီအတွင်း လူသိရှင်ကြား ထုတ်ပြန်မည်ဟုလည်း ဆိုသည်။
ကာလတိုအတွင်း MOU အရ အရေးကြီးရေနံနှင့် သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို ချက်ချင်း ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်သည်။ အီရန်က ထိန်းချုပ်ထားသလို ဖြစ်နေခဲ့သည့် ထိုရေလက်ကြားတွင် သင်္ဘောသွားလာမှုသည် လက်ရှိအချိန်မှစ၍ တဖြည်းဖြည်း မြင့်တက်လာမည်ဖြစ်သော်လည်း ပုံမှန်အခြေအနေသို့ ပြန်ရောက်ရန် အချိန်ယူရမည်ကို အာမခံမထားနိုင်ကြောင်း အမေရိကန်အရာရှိတစ်ဦးက သတိပေးသည်။
“ဟော်မုဇ်ရေလက်ကြားထဲက သင်္ဘောသွားလာမှုဟာ အခုကတည်းက စပြီး သိသိသာသာ တိုးလာတာကို မြင်ရမယ်။ အဲဒီတိုးတက်မှုက အချိန်နဲ့အမျှ တဖြည်းဖြည်း မြင့်တက်သွားမယ်” ဟု ၎င်းက ပြောသည်။ “၂ ပတ်အတွင်း ပုံမှန်အခြေအနေကို ပြန်ရောက်မယ်လို့ မထင်ရပေမယ့် ရေလက်ကြား သွားလာမှုကတော့ သိသိသာသာ မြင့်တက်လာမယ်” ဟုလည်း ဆိုသည်။
အစ္စရေး၏ လက်ဘနွန်မှ ဆုတ်ခွာရေးသည် အမေရိကန်-အီရန် သဘောတူညီချက်၏ အခြေအနေတစ်ခု မဟုတ်ကြောင်း အဆင့်မြင့် အမေရိကန်အရာရှိတစ်ဦးက ဇွန် ၁၆ ရက်တွင် ပြောကြားခဲ့ပြီး၊ ဟစ်ဇ်ဘိုလာအဖွဲ့၏ တိုက်ခိုက်မှုများအပေါ် အစ္စရေးအနေဖြင့် မိမိကိုယ်ကို ကာကွယ်ခွင့် ရှိကြောင်းလည်း ထပ်မံပြောဆိုခဲ့သည်။