အမေရိကန်က JDAM တိကျလမ်းညွှန်ဗုံးများ ကိုရီးယားသို့ ရောင်းချရန် အခြေခံအားဖြင့် အတည်ပြု

အမေရိကန်အစိုးရသည် တောင်ကိုရီးယားသို့ JDAM တိကျလမ်းညွှန်ဗုံးများနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချနိုင်ရေးကို အခြေခံအားဖြင့် ခွင့်ပြုလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၆ ရက်တွင် ထုတ်ပြန်သည်။ ယင်းရောင်းချမှုကြောင့် တောင်ကိုရီးယား၏ ကာကွယ်ရေးစွမ်းရည် ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်းလည်း ဆိုသည်။
အစိုးရအချင်းချင်း လက်နက်ရောင်းဝယ်မှု (Foreign Military Sale-FMS) အစီအစဉ်အရ ယင်းရောင်းချမှု၏ ခန့်မှန်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၀၆ သန်းရှိပြီး ကွန်ဂရက်သို့ တင်ပြအသိပေးကာ စိစစ်မှုခံယူရမည်ဖြစ်သည်။ တောင်ကိုရီးယားဘက်က KMU-557 JDAM tail kits ၇၀၈ စုံ၊ KMU-572 JDAM guidance sets ၅၈ စုံနှင့် လက်နက်ထောက်ပံ့ရေးပစ္စည်းများအပြင် အမေရိကန်အစိုးရနှင့် ကန်ထရိုက်တာများထံမှ အင်ဂျင်နီယာ၊ နည်းပညာနှင့် လောဂျစ်စတစ် အထောက်အပံ့ဝန်ဆောင်မှုများကိုလည်း ဝယ်ယူရန် တောင်းဆိုထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
ဝန်ကြီးဌာန၏ ပြောကြားချက်အရ ယင်းရောင်းချမှုသည် တောင်ကိုရီးယား၏ လက်ရှိနှင့် အနာဂတ်ခြိမ်းခြောက်မှုများကို တုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ပေးမည်ဖြစ်ပြီး ဒေသတွင်း အရေးကြီးလေကြောင်းကာကွယ်ရေးစွမ်းရည်ကိုလည်း အားကောင်းစေမည်ဖြစ်သည်။ ထို့ပြင် အမေရိကန်တပ်ဖွဲ့များနှင့် အပြန်အလှန်အသုံးပြုနိုင်စွမ်းကိုပါ ပိုမိုသေချာစေမည်ဟု ဆိုသည်။ အဆိုပါရောင်းချမှု၏ အဓိကကန်ထရိုက်တာမှာ ဗာဂျီးနီးယားပြည်နယ် အာလင်တန်မြို့အခြေစိုက် Boeing ကုမ္ပဏီဖြစ်သည်။