My

လက်ဘနွန်ကို အစ္စရေး တိုက်ခိုက်၊ ၈ ဦး သေဆုံး

Policies

လက်ဘနွန်ကို အစ္စရေး တိုက်ခိုက်၊ ၈ ဦး သေဆုံး

2026.06.09Zaymy Official210

လက်ဘနွန်တောင်ပိုင်းရှိ သမိုင်းဝင် ဆိပ်ကမ်းမြို့ တိုင်ယာ (Tyre) ကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၈ ဦး သေဆုံးခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က တိုက်ပွဲရပ်စဲရန် တိုက်တွန်းခဲ့ပြီးနောက် အစ္စရေးနှင့် အီရန်အကြား တိုက်ရိုက်တိုက်ခိုက်မှုများ ရပ်တန့်သွားသော်လည်း၊ လက်ဘနွန်တွင် ဟက်ဇ်ဘိုလာအဖွဲ့ကို တိုက်ခိုက်နေမှုကို အစ္စရေးက မရပ်တန့်ပါက တင်းမာမှုများ ပြန်လည်မြင့်တက်လာနိုင်ကြောင်း တီဟီရန်က သတိပေးထားသည်။

Reuters သတင်းဌာန ရေးသားချက်အရ အင်္ဂါနေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုသည် မတ် ၂ ရက်မှစ၍ လက်ဘနွန်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် တိုင်ယာမြို့၌ ဖြစ်ပွားသည့် အဆိုးရွားဆုံး တိုက်ခိုက်မှု ဖြစ်သည်။ အစ္စရေးက မြို့တစ်မြို့လုံးအတွက် ကြိုတင်ရွှေ့ပြောင်းရန် အမိန့် ထုတ်ပြန်ပြီးနောက် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး၊ မြို့အရှေ့ဘက်ခြမ်းတွင် ထိခိုက်ပျက်စီးမှုများကို ပြသသည့် ဗီဒီယိုတစ်ခုတွင် လမ်းမတစ်လျှောက် အပျက်အစီးများ ပြန့်ကျဲနေသည်ကို တွေ့ရသည်။ လက်ဘနွန် နိုင်ငံပိုင် မီဒီယာကမူ ကယ်ဆယ်ရေးအဖွဲ့များသည် အသက်ရှင်ကျန်ရစ်သူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

အစ္စရေးနှင့် ဟက်ဇ်ဘိုလာတို့၏ ပဋိပက္ခသည် အစ္စရေးနှင့် အမေရိကန်တို့က အီရန်ကို စစ်ရေးအရ တိုက်ခိုက်ပြီး နှစ်ရက်အကြာတွင် ဟက်ဇ်ဘိုလာက ၎င်း၏ထောက်ခံသူနိုင်ငံဘက်မှ ရပ်တည်ကာ အစ္စရေးဘက်သို့ ရော့ကက်များ ပစ်ခတ်ခဲ့ရာမှ စတင်ခဲ့သည်။ အစ္စရေးဘက်က လက်ဘနွန်တွင် ဆက်လက်ဆောင်ရွက်နေသည့် စစ်ဆင်ရေးကို ရပ်တန့်ရန် ငြင်းဆန်နေသဖြင့် ထရမ့်က ကြားဝင်ကြိုးပမ်းနေသည့် အမေရိကန်-အစ္စရေး-အီရန် ပဋိပက္ခအတွင်း အပစ်အခတ်ရပ်စဲရေးကို ရေရှည်သဘောတူညီချက်အဖြစ် ပြောင်းလဲနိုင်ရေး ခက်ခဲနေကြောင်း သတင်းတွင် ဖော်ပြသည်။

ပြီးခဲ့သည့် သီတင်းပတ်က အစ္စရေးစစ်တပ်က ဟက်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားများ တိုင်ယာမြို့အတွင်း ပုန်းခိုနေကြောင်း ပြောဆိုခဲ့သည်။ အွန်လိုင်းမှ ရွှေ့ပြောင်းရန် အမိန့် ထွက်ပေါ်လာပြီးနောက် အင်္ဂါနေ့ နံနက်ပိုင်းတွင် မြို့ခံအချို့ ထွက်ပြေးနေကြကြောင်း လက်ဘနွန် နိုင်ငံပိုင် မီဒီယာက ဖော်ပြပြီး၊ အရပ်ဘက်ကာကွယ်ရေးအဖွဲ့များက သက်ကြီးရွယ်အိုများကို ယာယီခိုလှုံရာနေရာများသို့ ပို့ဆောင်ပေးနေကြောင်း ဆိုသည်။ လက်ဘနွန်တောင်ပိုင်းဒေသအများစုကို ထိန်းချုပ်ထားသည့် အစ္စရေး၏ ရွှေ့ပြောင်းရန် အမိန့်များကြောင့် နိုင်ငံတစ်နိုင်ငံလုံး၏ ငါးပုံတစ်ပုံခန့် လူမရှိသလောက် ဖြစ်သွားခဲ့ပြီး တိုက်ပွဲမျက်နှာစာနှင့် ဝေးကွာသည့် ဒေသများပါ ပါဝင်နေသည်။

တစ်ပြိုင်နက်တည်းတွင် ထရမ့်က အီရန်နှင့် သဘောတူညီချက်တစ်ခု ရရှိနိုင်မည့် “အတွေးအခေါ်” တစ်ရပ်ကို ရက်အနည်းငယ်အတွင်း တွေ့ရနိုင်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သော်လည်း အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ အမေရိကန်နှင့် အစ္စရေး တာဝန်ရှိသူများကလည်း ထရမ့်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့သည် တနင်္လာနေ့တွင် ဆက်သွယ်ပြောဆိုခဲ့ကြောင်း ပြောသည်။ Axios သတင်းဌာနနှင့် အင်တာဗျူးတွင် ထရမ့်က နေတန်ယာဟုအား အီရန်နှင့် ပြန်လည်စစ်ဖြစ်မသွားစေရန် သတိပေးခဲ့ကြောင်း “Bibi, you better be careful, or you will be on your own very soon.” ဟု ပြောဆိုခဲ့သည်ဟု ဖော်ပြထားသည်။

အီရန်ကမူ အမေရိကန်နှင့် ငြိမ်းချမ်းရေး သဘောတူညီချက် မရရှိမီ လက်ဘနွန်တွင် တိုက်ပွဲများ ရပ်ရမည်ဟု ကြာမြင့်စွာကတည်းက ပြောဆိုနေသည်။ အစ္စရေးသည် မတ်လတွင် ဟက်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားများကို လိုက်လံရှာဖွေရန် လက်ဘနွန်အတွင်း ဝင်ရောက်ခဲ့ပြီး ထိုစစ်ဆင်ရေးကြောင့် လူထောင်ချီ သေဆုံးခဲ့ရသော်လည်း ၎င်းကို အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေးနှင့် သီးခြားကိစ္စအဖြစ် သဘောထားသင့်ကြောင်း အစ္စရေးဘက်က ပြောဆိုနေသည်။ ဟက်ဇ်ဘိုလာကလည်း တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေသည်။

အခြားတစ်ဖက်တွင်မူ စစ်ပွဲမတိုင်မီက ကမ္ဘာ့ရေနံစိမ်းနှင့် အရည်သဘာဝဓာတ်ငွေ့ ကုန်သွယ်မှု၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းခဲ့သည့် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) တွင် အီရန်က သင်္ဘောသွားလာမှု အများစုကို ဆက်လက်ပိတ်ဆို့ထားပြီး ဝါရှင်တန်ကလည်း အီရန်ဆိပ်ကမ်းများကို ၎င်းဘက်မှ ပိတ်ဆို့ထားသည်။ ထရမ့်ကမူ မည်သည့် ငြိမ်းချမ်းရေး သဘောတူညီချက်မဆို အီရန်အနေဖြင့် နျူကလီးယားလက်နက် ထုတ်လုပ်နိုင်စွမ်း မရှိစေရန် အာမခံရမည်ဟု ပြောထားသည်။ အီရန်ဘက်က တောင်းဆိုချက်များတွင် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပေးရေး၊ အေးခဲထားသည့် ဒေါ်လာဘီလျံချီ ပိုင်ဆိုင်မှုများ ပြန်လွှတ်ပေးရေးနှင့် ဟော်မုဇ်ရေလက်ကြားအပေါ် ၎င်း၏ ထိန်းချုပ်မှုကို အသိအမှတ်ပြုရေးတို့ ပါဝင်သည်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်