တရုတ်သမ္မတ ရှီကျင့်ဖျင် မြောက်ကိုရီးယားခရီးစဉ်အပြီး နေရပ်ပြန်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်အားကောင်းစေရန် ရည်ရွယ်သည့် မြောက်ကိုရီးယားခရီးစဉ်အပြီး အင်္ဂါနေ့တွင် နေရပ်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။ ခရီးစဉ်အတွင်း ကင်မ်ဂျုံအွန်နှင့် တွေ့ဆုံမှုနှင့် အများပြည်သူရှေ့မှောက် လှုပ်ရှားမှုများလည်း ပါဝင်ခဲ့သည်။
ရှီသည် တနင်္လာနေ့တွင် မြောက်ကိုရီးယားမြို့တော် ပျုံးယန်းသို့ ရောက်ရှိလာခဲ့ပြီး ၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားသို့ သွားရောက်ခြင်း ဖြစ်သည်။ ထိုနေ့တွင် ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲ၌ ရှီက ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် နည်းပညာအပါအဝင် နယ်ပယ်စုံ၌ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် တရုတ်ဘက်က ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ ကင်မ်ဘက်ကလည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို “အရေးအကြီးဆုံး ထိပ်တန်း မဟာဗျူဟာလုပ်ငန်း” အဖြစ် ဆက်လက်ထိန်းသိမ်းမည်ဟု ပြောကြားခဲ့ကြောင်း တရုတ်နှင့် မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။
အင်္ဂါနေ့တွင်လည်း ရှီနှင့် ကင်မ်တို့သည် ၁၉၅၀-၅၃ ကိုရီးယားစစ်အတွင်း မြောက်ကိုရီးယားဘက်နှင့်အတူ တိုက်ပွဲဝင်ခဲ့သော တရုတ်စစ်သားများကို ဂုဏ်ပြုသည့် တရုတ်-မြောက်ကိုရီးယား ချစ်ကြည်ရေး မော်ကွန်းတိုင်သို့ သွားရောက်ခဲ့ကြသည်။ ထို့အပြင် နှစ်နိုင်ငံ၏ ရိုးရာချစ်ကြည်ရေးနှင့် အမေရိကန်ပြည်ထောင်စုအပေါ် တော်လှန်ရေးစိတ်ဓာတ်ကို ဆက်လက်ထိန်းသိမ်းရန် အရေးကြီးကြောင်းလည်း ထောက်ပြခဲ့သည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာများက ဆိုသည်။
၎င်းတို့နှစ်ဦး၏ နောက်ဆုံးတွေ့ဆုံမှုမှာ စက်တင်ဘာလက ပေကျင်းမြို့တွင် ဖြစ်ခဲ့ပြီး ယခုခရီးစဉ်အတွင်း အုပ်ချုပ်ရေး Workers’ Party ၏ လေ့ကျင့်ရေးကျောင်းကိုလည်း လှည့်လည်ကြည့်ရှုခဲ့ကြကာ နှစ်နိုင်ငံဆက်ဆံရေးကို ကိုယ်စားပြုသည့် ထင်းရှူးပင်တစ်ပင်ကို စိုက်ပျိုးခဲ့ကြသည်။ ထို့နောက် ရှီသည် နေ့လယ်စာစားပွဲနှင့် နှုတ်ဆက်ပွဲအခမ်းအနားကို တက်ရောက်ပြီး ပေကျင်းသို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း တရုတ်မီဒီယာများက ဖော်ပြသည်။
လေ့လာသူများက ရှီ၏ခရီးစဉ်သည် မကြာသေးမီနှစ်များအတွင်း ရုရှားနှင့် ပိုမိုနီးကပ်လာသည့် မြောက်ကိုရီးယားအပေါ် တရုတ်၏ သြဇာလွှမ်းမိုးမှုကို ပြန်လည်ထိန်းချုပ်လိုသည့် ရည်ရွယ်ချက် ပါဝင်နိုင်ကြောင်း သုံးသပ်ကြသည်။ အပြန်အလှန်အနေဖြင့် ကင်မ်ဘက်ကလည်း စီးပွားရေးနှင့် နိုင်ငံရေးအကျိုးအမြတ်အချို့ လိုအပ်နေသည်ဟု ဆိုသည်။
တနင်္လာနေ့ ထိပ်သီးဆွေးနွေးပွဲနှင့် ပတ်သက်သည့် နိုင်ငံပိုင်မီဒီယာ အစီရင်ခံစာများတွင် ရှီနှင့် ကင်မ်တို့သည် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် သဘောတူခဲ့ကြောင်း ဖော်ပြထားပြီး ထိုင်ဝမ်ကိစ္စတွင် တရုတ်၏ “တစ်တရုတ်မူဝါဒ” ကို ကင်မ်က ထပ်မံထောက်ခံကြောင်းလည်း ရေးသားထားသည်။ သို့သော် မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်ကို ဆွေးနွေးခဲ့ခြင်း ရှိမရှိကိုမူ မဖော်ပြခဲ့ပေ။ ၂၀၁၉ ခုနှစ်တွင် ပျုံးယန်းသို့ သွားရောက်စဉ် ရှီက ကိုရီးယားကျွန်းဆွယ် နျူကလီးယားဖယ်ရှားရေးတွင် ပေကျင်းအနေဖြင့် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်လိုကြောင်း ပြောခဲ့ဖူးသည်။
မြောက်ကိုရီးယားကို နျူကလီးယားလက်နက်ပိုင်နိုင်ငံအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုလာအောင် ကင်မ်က ကြိုးပမ်းနေခြင်းမှာ ဒဏ်ခတ်ပိတ်ဆို့မှုများ ပယ်ဖျက်ရေး တောင်းဆိုရန် အထောက်အကူဖြစ်စေမည်ဟု ကျွမ်းကျင်သူများက ယုံကြည်ကြသည်။ ဒေသတွင်းလုံခြုံရေးအတွက် အဓိကအရေးပါသည့် နျူကလီးယားဖယ်ရှားရေးကိစ္စကို မထည့်သွင်းပြောဆိုခြင်းသည် တရုတ်ဘက်က မြောက်ကိုရီးယား၏ နျူကလီးယားနိုင်ငံအဖြစ် ရပ်တည်မှုကို အနည်းဆုံးသည်းခံနေခြင်းထက် ပို၍ လက်ခံသဘောတူလာသကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ကြောင်း ဆိုးလ်မြို့ရှိ Korea National Diplomatic Academy မှ လက်ထောက်ပါမောက္ခ Ban Kil-joo ၏ သုံးသပ်ချက်တွင် ဖော်ပြထားသည်။
Ban က စုစည်းသုံးသပ်ရာတွင် ထိုင်ဝမ်ကိစ္စ၌ မြောက်ကိုရီးယားက တရုတ်ဘက်သို့ ပြန်လည်ထောက်ခံခြင်းသည် မဟာဗျူဟာဆိုင်ရာ အပြန်အလှန်အကျိုးပေးမှုတစ်ရပ် ဖြစ်သည်ဟု ဆိုသည်။ ဆိုးလ်မြို့ရှိ Institute for National Security Strategy မှ လေ့လာသူ Kim Gyu-beom ကလည်း တရုတ်သည် ပျုံးယန်းကို အပြည့်အဝ ထောက်ခံခြင်းလည်းမဟုတ်၊ ပြင်းပြင်းထန်ထန် ဖိအားပေးခြင်းလည်းမဟုတ်ဘဲ ဒေသဆိုင်ရာ တည်ငြိမ်ရေးကို ဦးစားပေးကာ မဟာဗျူဟာဆက်သွယ်ရေး ဆက်ထားသည့် “စီမံခန့်ခွဲမှုဆန်သော ချဉ်းကပ်မှု” ကို လိုက်နာနေကြောင်း သုံးသပ်သည်။
တရုတ်က မြောက်ကိုရီးယားအပေါ် ယခင်ကဲ့သို့ သြဇာလွှမ်းမိုးမှုကို ပြန်လည်တည်ဆောက်နိုင်ပါက အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်နှင့် ဆက်ဆံရာတွင် ရှီအတွက် သံတမန်ရေးအသာစီး ရရှိစေနိုင်သည်။ ထရမ့်က ကင်မ်နှင့် သံတမန်ဆက်ဆံရေး ပြန်လည်စတင်လိုကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုထားသည်။ သို့ရာတွင် မြောက်ကိုရီးယားက ရုရှား၏ စစ်ရေးအားထုတ်မှုကို တပ်ဖွဲ့ဝင်များနှင့် လက်နက်များဖြင့် ကူညီရင်း စီးပွားရေးနှင့် အခြားအကူအညီများ ပြန်လည်ရယူနေခြင်းကြောင့် တရုတ်၏ သြဇာလွှမ်းမိုးမှုသည် မေးခွန်းထုတ်ခံနေရကြောင်းလည်း ဖော်ပြထားသည်။