ဘူဆန် ရေတပ်အခြေစခန်းကို ရိုက်ကူးခဲ့သည့် တရုတ်နိုင်ငံသား ၂ ဦးအား ထောင်ဒဏ်ချမှတ်

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ ရေတပ်အခြေစခန်းကို ဒရုန်းနှင့် မိုဘိုင်းဖုန်းများဖြင့် ထပ်တလဲလဲ ရိုက်ကူးခဲ့သည့် တရုတ်နိုင်ငံသား ၂ ဦးအား ဗုဒ္ဓဟူးနေ့တွင် တရားရုံးက ထောင်ဒဏ် အသီးသီး ချမှတ်လိုက်သည်။
ဘူဆန်ခရိုင်တရားရုံး၏ ထုတ်ပြန်ချက်အရ အသက် ၄၀ ကျော်နှင့် ၃၀ ကျော်အရွယ်ရှိ အဆိုပါ တရုတ်နိုင်ငံသား ၂ ဦးသည် ၂၀၂၃ ခုနှစ် မတ်လမှ ၂၀၂၄ ခုနှစ် ဇွန်လအထိ ဘူဆန် ရေတပ်အခြေစခန်းကို အကြိမ် ၉ ကြိမ်တိုင်တိုင် တရားမဝင် ရိုက်ကူးခဲ့ကြောင်း သိရသည်။ ၎င်းတို့အနက် သက်ကြီးပိုင်း တရားခံအား ထောင်ဒဏ် ၁၈ လ ချမှတ်ခဲ့ပြီး အခြား တရားခံအား ထောင်ဒဏ် ၁ နှစ် ချမှတ်ကာ ပြစ်ဒဏ် ဆိုင်းငံ့ခဲ့သည်။
အဆိုပါ နှစ်ဦးသည် ကျောင်းသားဗီဇာဖြင့် နိုင်ငံအတွင်း နေထိုင်သူများဖြစ်ပြီး နောက်ဆုံးအကြိမ် ဒရုန်းအသုံးပြု ရိုက်ကူးခဲ့သည့်နေ့မှာ ၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက် ဖြစ်သည်။ ထိုနေ့တွင် သမ္မတဟောင်း ယွန်ဆော့ယောလ်က ရေတပ်အခြေစခန်းသို့ သွားရောက်ကာ အခြေစခန်း၌ ဆိုက်ကပ်ထားသည့် အမေရိကန်လေယာဉ်တင်သင်္ဘော USS Theodore Roosevelt ကို စစ်ဆေးခဲ့သည်။
တရားရုံးက သက်ကြီးပိုင်း တရားခံအား “ရန်သူအကျိုးပြုမှု” အမှုဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး နှစ်ဦးစလုံးကို စစ်အခြေစခန်းနှင့် တပ်ဆင်ပစ္စည်း ကာကွယ်ရေးဥပဒေ ချိုးဖောက်မှုဖြင့်လည်း အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ တရားရုံးက “တရားခံများ၏ လုပ်ရပ်ကြောင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများနှင့် သက်ဆိုင်သည့် အချက်အလက်များ ပေါက်ကြားသွားခြင်းဖြင့် ကိုရီးယားသမ္မတနိုင်ငံ၏ စစ်ရေးအကျိုးစီးပွားအတွက် ကြီးမားသည့် အန္တရာယ် ဖြစ်စေခဲ့သည်” ဟု ဆိုသည်။ သို့ရာတွင် ၎င်းတို့ ရိုက်ကူးခဲ့သည့် ဓာတ်ပုံနှင့် ဗီဒီယိုများသည် ရန်လိုသော နိုင်ငံများ သို့မဟုတ် အဖွဲ့အစည်းများထံ ပေါက်ကြားသွားသည့် အထောက်အထား မတွေ့ရကြောင်းကိုလည်း တရားရုံးက အပြုသဘောဖြင့် ထည့်သွင်းစဉ်းစားခဲ့သည်။