My

ဓာတ်မြေဩဇာဈေးနှုန်း မြင့်တက်လာမှုကြောင့် အီရန်စစ်ပွဲ၏ ရိုက်ခတ်မှုအောက်တွင် တရုတ်၏ သံတမန်ရေးအလေးချိန် ပိုမိုမြင့်တက်နိုင်

Business

ဓာတ်မြေဩဇာဈေးနှုန်း မြင့်တက်လာမှုကြောင့် အီရန်စစ်ပွဲ၏ ရိုက်ခတ်မှုအောက်တွင် တရုတ်၏ သံတမန်ရေးအလေးချိန် ပိုမိုမြင့်တက်နိုင်

2026.04.02Zaymy Official60

အီရန်စစ်ပွဲကြောင့် ပါရှန်ပင်လယ်ကွေ့မှ ဓာတ်မြေဩဇာတင်ပို့မှုများ ပြတ်တောက်လာသဖြင့် ကမ္ဘာ့ဈေးကွက်တွင် ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်တက်နေပြီး ယင်းအခြေအနေက ကမ္ဘာ့အကြီးဆုံး ထုတ်လုပ်သူဖြစ်သည့် တရုတ်နိုင်ငံ၏ ဒေသတွင်း သံတမန်ရေးအလေးချိန်ကို ပိုမိုမြှင့်တင်ပေးနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။ သို့သော် တရုတ်က တင်ပို့မှုများကို နိုင်ငံရေးလက်နက်အဖြစ် အသုံးပြုမည်ဟုမူ မထင်ကြောင်း ၎င်းတို့က ဆိုသည်။

အမေရိကန်-အစ္စရေး၏ အီရန်စစ်ပွဲကြောင့် ဆော်ဒီအာရေးဗီးယား၊ ကာတာ စသည့် အဓိကထုတ်လုပ်သူများ၏ တင်ပို့မှုလမ်းကြောင်းများ ထိခိုက်လာပြီး ဟော်မုဇ်ရေလက်ကြားမှ သယ်ယူပို့ဆောင်မှုများလည်း အလွန်အမင်း ဟန့်တားခံနေရသည်။ စစ်ပွဲစတင်သည့် ဖေဖော်ဝါရီလနှောင်းပိုင်းကတည်းက ကမ္ဘာပေါ်တွင် အများဆုံးအသုံးပြုသည့် နိုက်ထရိုဂျင်ဓာတ်မြေဩဇာဖြစ်သော ယူရီးယားတစ်တန်ဈေးမှာ အမေရိကန်ဒေါ်လာ ၄၀၀ ခန့်မှ ၇၀၀ ခန့်အထိ ခုန်တက်ခဲ့သည်ဟု သတင်းရရှိသည်။ အရှေ့တောင်အာရှဒေသတွင် သက်ရောက်မှု ပြင်းထန်နေပြီး သုတေသီများ၏ အဆိုအရ ဒေသတွင်း အသုံးပြုသည့် ဓာတ်မြေဩဇာ၏ ၈၀ ရာခိုင်နှုန်းခန့်ကို ပြည်ပမှ တင်သွင်းနေရသည်။ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့သည် ပါရှန်ပင်လယ်ကွေ့မှ ယူရီးယားနှင့် အမိုးနီးယားကို အများဆုံး ဝယ်ယူသည့် နိုင်ငံများအနက် ပါဝင်သည်။

နှစ်စဉ် ပထမဆုံး စိုက်ပျိုးရာသီ စတင်ရန် လအနည်းငယ်သာ ကျန်ရှိနေသည့် အာရှဒေသတွင် ဓာတ်မြေဩဇာ လုံခြုံရေးအတွက် အပြိုင်အဆိုင် စိုးရိမ်မှုများ မြင့်တက်လာနိုင်သဖြင့် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် အလေးချိန်လည်း ပိုမိုတက်လာနိုင်သည်။ Carnegie Endowment for International Peace ၏ sustainability, climate and geopolitics programme မှ Noah Gordon က အီရန်ပဋိပက္ခ ဆက်လက်ပြင်းထန်နေပါက အာရှစီးပွားရေးများအနေဖြင့် တရုတ်ကို အဓိကထောက်ပံ့သူအဖြစ် မလွဲမသွေ မြင်လာရမည်ဟု ပြောသည်။ တစ်ဖက်တွင်လည်း အိန္ဒိယနိုင်ငံက စစ်ပွဲကြောင့် ပြည်တွင်းရှိ ဓာတ်မြေဩဇာစက်ရုံအချို့ ပိတ်သိမ်းလာရသဖြင့် ယူရီးယားတင်ပို့မှု ကန့်သတ်ချက်များကို ဖြေလျှော့ပေးရန် တရုတ်ကို တောင်းဆိုထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ တရုတ်အစိုးရက ၂၀၂၁ ခုနှစ်တွင် ပြည်တွင်းလိုအပ်ချက် အာမခံနိုင်ရန် တင်ပို့မှု ကန့်သတ်ချက်များ ချမှတ်ခဲ့ပြီး မကြာသေးမီ ရက်သတ္တပတ်များအတွင်း နိုက်ထရိုဂျင်-ပိုတက်စီယမ် ဓာတ်မြေဩဇာ ရောစပ်ပစ္စည်းများ တင်ပို့မှု ရပ်ဆိုင်းရန်လည်း တင်ပို့သူများကို တိုက်တွန်းထားကြောင်း ဆိုသည်။

Gordon က “နိုင်ငံတွေက ပထဝီနိုင်ငံရေးဆိုင်ရာ ရည်ရွယ်ချက်တွေထက် လယ်သမားတွေအတွက် ဓာတ်မြေဩဇာရရှိရေးကို ပိုပြီးဦးစားပေးကြတယ်” ဟု ပြောသည်။ ထို့ပြင် ကမ္ဘာတစ်ဝန်းရှိ ထုတ်လုပ်သူအများအပြားမှာ နိုက်ထရိုဂျင်အခြေပြု ဓာတ်မြေဩဇာ ထုတ်လုပ်ရန် လိုအပ်သည့် သဘာဝဓာတ်ငွေ့ကုန်ကြမ်းများ လုံလောက်မှုမရှိကြသဖြင့် ဖိလစ်ပိုင်ကဲ့သို့ နိုင်ငံများသည် တရုတ်နှင့် နယ်နိမိတ်အငြင်းပွားမှုများ သို့မဟုတ် တရုတ်၏ တင်းမာသည့် လုပ်ရပ်များ ရှိနေသော်လည်း တရုတ်မှ တင်သွင်းရန် စဉ်းစားရမည်ဖြစ်ကြောင်းလည်း ၎င်းက ထပ်ပြောသည်။ တရုတ်နှင့် မနီလာအကြား ဆက်ဆံရေးမှာ တောင်တရုတ်ပင်လယ်အတွင်း ပိုင်ဆိုင်မှုအငြင်းပွားမှုများ၊ သံတမန်ရေး အပြန်အလှန်တင်းမာမှုများနှင့် ပင်လယ်ရေကြောင်း ထိပ်တိုက်တွေ့မှုများကြောင့် ဆက်လက် တင်းမာနေသည်။ ဖိလစ်ပိုင် စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel Jr. က ယခုလအစောပိုင်းတွင် တရုတ်အပါအဝင် အဓိက ဓာတ်မြေဩဇာ ထုတ်လုပ်သူများနှင့် ထောက်ပံ့ရေး အာမခံနိုင်ရန် ဆွေးနွေးနေကြောင်း ပြောခဲ့ပြီး သမ္မတ Ferdinand Marcos Jr. ကလည်း လာမည့် စိုက်ပျိုးရာသီအတွက် သိုလှောင်ရရှိမှုပမာဏ လုံလောက်ကြောင်း လယ်သမားများကို အာမခံခဲ့သည်။ “ကျွန်တော်တို့ကို ဓာတ်မြေဩဇာ မရောင်းတော့ဘူးလို့ ရပ်တန့်သွားတဲ့ နိုင်ငံ မရှိပါဘူး။ ဒါကို တရုတ်ကလည်း အတည်ပြုထားပါတယ်။ ပြဿနာက ထောက်ပံ့မှု မဟုတ်ဘဲ ဈေးနှုန်းပါ” ဟု Tiu Laurel က ဆိုသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မကြာသေးမီက အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းညှိနှိုင်းမှုများ တိုးမြှင့်ကာ စွမ်းအင်လုံခြုံရေးကိစ္စရပ်များကို ဖြေရှင်းရန် အသင့်ရှိကြောင်း ပြောကြားခဲ့ပြီး “ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနေသည့်တစ်ချိန်တည်းတွင် တရုတ်က ၎င်း၏ ဓာတ်မြေဩဇာအချို့ကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့နေသည်” ဟု ထည့်သွင်းပြောဆိုခဲ့သည်။ London ရှိ Queen Mary University မှ နိုင်ငံတကာနိုင်ငံရေး ပါမောက္ခ Lee Jones ကမူ တရုတ်သည် ကမ္ဘာ့ သို့မဟုတ် ဒေသတွင်း ဩဇာအာဏာကြီးအဖြစ် ရပ်တည်ရာတွင် ဖြစ်ပေါ်လာမည့် စီးပွားရေးကုန်ကျစရိတ်ကို မခံယူလိုကြောင်း ယခင်ကတည်းက ပြသထားပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမြီပြဿနာများအပေါ် ချဉ်းကပ်ပုံကိုလည်း ထောက်ပြသည်။ ထို့ကြောင့် ဓာတ်မြေဩဇာထောက်ပံ့ရေးတွင် တရုတ်က အခြားနိုင်ငံများကို ကယ်တင်ရန် ရှေ့တန်းထွက်လာမည် မဟုတ်ကြောင်း သူက သုံးသပ်ပြီး တရုတ်သည် ကိုယ့်အကျိုးစီးပွားကိုသာ အဓိကထားနေကြောင်း ဆိုသည်။ တရုတ်သည် ပြည်တွင်းဈေးနှုန်း နိမ့်ကျစေရန်နှင့် စားနပ်ရိက္ခာလုံခြုံရေးအတွက် ဓာတ်မြေဩဇာတင်ပို့မှုကို ပုံမှန်ကန့်သတ်နေပြီး ဖိလစ်ပိုင် သို့မဟုတ် ဂျပန်ကဲ့သို့ ပဋိပက္ခရှိသော အိမ်နီးချင်းများကို ကူညီရန် ထိုရည်မှန်းချက်များကို စွန့်လွှတ်မည်မဟုတ်ကြောင်း ဆိုသည်။

တရုတ်က အရေးကြီးသော ထောက်ပံ့ရေးကွင်းဆက်များအပေါ် ၎င်း၏ အားသာချက်ကို နိုင်ငံရေးဖိအားအတွက် အသုံးပြုနိုင်ကြောင်း ယခင်ကလည်း ပြသဖူးသည်။ ဇန်နဝါရီလတွင် ဂျပန်နိုင်ငံကို ရှားပါးမြေဓာတ်သတ္တု တင်ပို့မှု ကန့်သတ်ချက်အသစ်များဖြင့် ပစ်မှတ်ထားခဲ့ပြီး ထိုလုပ်ရပ်ကို ဂျပန်ခေါင်းဆောင် Sanae Takaichi ၏ ထိုင်ဝမ်နှင့်ပတ်သက်သည့် အငြင်းပွားဖွယ် မှတ်ချက်များအပေါ် တုံ့ပြန်မှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခဲ့ကြသည်။ Gordon က ဓာတ်မြေဩဇာကို တရုတ်က လက်နက်အဖြစ် အသုံးပြုမည်ဆိုလျှင် ထင်ရှားပြတ်သားစွာ မဟုတ်ဘဲ အသာတကြည် လုပ်ဆောင်နိုင်မည်ဟု သုံးသပ်ပြီး လက်ရှိတွင် တင်းကျပ်သည့် တင်ပို့ကန့်သတ်ချက်များ ရှိနေပြီးဖြစ်သဖြင့် အချို့ကိစ္စများတွင်သာ ဖြေလျှော့ပေးသည့်ပုံစံဖြင့် “ကောင်းမွန်သည့် အပြုအမူ” ကဲ့သို့ မြင်အောင် လုပ်နိုင်ကြောင်း ပြောသည်။ ၎င်းက “တရုတ်အနေနဲ့ ဓာတ်မြေဩဇာထက် အမေရိကန်ရဲ့ ဘက်ထရီနဲ့ စစ်ရေးထုတ်လုပ်မှုတွေမှာ လိုအပ်တဲ့ permanent magnets လို နည်းပညာမြင့် ပစ္စည်းတွေကို သက်ရောက်မှုကြီးစေမယ့် လုပ်ဆောင်မှုတွေကို ပိုပြီးနှစ်သက်မယ်” ဟု ဆိုသည်။ Covid-19 ကာလအတွင်း မျက်နှာဖုံးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ ပေးပို့ခဲ့သကဲ့သို့ ဓာတ်မြေဩဇာကိုလည်း အများသတိပြုမိလောက်သည့် ပမာဏမျိုးဖြင့် ပေးပို့လာနိုင်သော်လည်း သဘာဝဓာတ်ငွေ့နှင့် ဆာလ်ဖာကဲ့သို့ ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်နေပြီး ရှားပါးနေသဖြင့် သံတမန်ရေးအကျိုးကျေးဇူးအတွက် ပေးနိုင်သည့် ဓာတ်မြေဩဇာပမာဏမှာ အကန့်အသတ်ရှိနိုင်ကြောင်းလည်း ၎င်းက သုံးသပ်ခဲ့သည်။

Leave a Comment

Your email address will not be published. Required fields are marked *