ဆွန်ဂျွန်ကွန်းတက္ကသိုလ် သုတေသီများက ဦးနှောက်ပုံစံ မျှတသင်ယူမှုနည်းပညာ တီထွင်

ဆွန်ဂျွန်ကွန်းတက္ကသိုလ်မှ သုတေသနအဖွဲ့တစ်ဖွဲ့သည် အလင်းရောင်၏ အရောင်ကို ပြောင်းလဲခြင်းဖြင့် AI ဆီမီးကွန်ဒတ်တာ ကိရိယာတစ်ခု၏ မှတ်ဉာဏ်ကို အားကောင်းစေနိုင်သလို အားလျော့စေနိုင်သည့် နည်းပညာတစ်ရပ်ကို တီထွင်နိုင်ခဲ့ကြောင်း ကြေညာသည်။ ယင်းနည်းပညာသည် လူ့ဦးနှောက်ကဲ့သို့ အရေးကြီးသည့် အချက်အလက်များကို ကြာရှည်ထိန်းသိမ်းပြီး မလိုအပ်သည့် အချက်အလက်များကို လျှော့ချနိုင်စေရန် ရည်ရွယ်ထားသည်။
အဆိုပါ သုတေသနကို ဆွန်ဂျွန်ကွန်းတက္ကသိုလ် ဓာတုအင်ဂျင်နီယာဌာနမှ ပါမောက္ခ Jo Sae-byeok နှင့် Yang Woo-seok တို့ ဦးဆောင်ခဲ့ကြပြီး ဆီမီးကွန်ဒတ်တာပစ္စည်းများတွင် မကြာခဏ စိန်ခေါ်မှုအဖြစ် ရင်ဆိုင်ရလေ့ရှိသည့် “disorder” နှင့် “defect” လက္ခဏာများကို မှတ်ဉာဏ်မျှတမှုကို ထိန်းသိမ်းနိုင်သည့် နည်းလမ်းအဖြစ် အသုံးချထားသည်။ တက္ကသိုလ်၏ ထုတ်ပြန်ချက်အရ ယင်းနည်းပညာသည် လူ့ဦးနှောက်၏ သင်ယူမှု မျှတစနစ်ကို ပုံတူကူးထားခြင်းဖြစ်ပြီး အလင်းရောင်၏ အရောင်ကို အသုံးပြု၍ အတု synapse ၏ မှတ်ဉာဏ်ကို အားကောင်းစေခြင်း (remember) သို့မဟုတ် အားလျော့စေခြင်း (forget) ပြုလုပ်နိုင်ကြောင်း ဆိုသည်။
သုတေသနရလဒ်များကို “Disorder-mediated Non-equilibrium Photocurrent Redistribution Enables Homeostatic Synaptic Conditioning in AgBiS2 Heterostructure” ဟူသော ခေါင်းစဉ်ဖြင့် 2026 ခုနှစ် မေလ 18 ရက်တွင် နိုင်ငံတကာ သိပ္ပံဂျာနယ် Nature Communications တွင် ဖော်ပြထားသည်။ ပါမောက္ခ Jo က “မှတ်မိနိုင်တာလိုပဲ မေ့နိုင်တာလည်း အရေးကြီးပါတယ်။ ဒီသုတေသနရဲ့ အဓိကအချက်ကတော့ အဲဒီလုပ်ဆောင်ချက်နှစ်ခုကို အလင်းရောင်အရောင်နဲ့ ခွဲထုတ်ပြီး အမှားအယွင်းလို့ သတ်မှတ်ခံထားရတဲ့ အရာကို AI ဟာဒ်ဝဲအတွက် ကိုယ်တိုင်မျှတစွာ သင်ယူနိုင်တဲ့ လုပ်ဆောင်ချက်အဖြစ် ပြန်လည်အသက်သွင်းခဲ့တာပဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
တက္ကသိုလ်၏ ပြောကြားချက်အရ လူ့ဦးနှောက်သည် အရေးကြီးသည့် အရာများကို ထိန်းသိမ်းပြီး မလိုအပ်သည့် အရာများကို လျှော့ချကာ “သင်ယူမှု” ကို အမြဲမျှတအောင် ချိန်ညှိနေသည်။ ယခုနည်းပညာမှာလည်း ထိုစွမ်းရည်ကို ဆီမီးကွန်ဒတ်တာ ကိရိယာအတွင်း ပြန်လည်ဖန်တီးထားခြင်းဖြစ်ပြီး အနာဂတ် AI ချစ်ပ်များတွင် သုံးစွဲမီးအား လျှော့ချနိုင်ရုံသာမက “မြင်နိုင်ရုံမက မှတ်မိနိုင်သော” artificial eyes, light-based neuromorphic computing, low-power AI accelerators, in-sensor computing နှင့် artificial retina အခြေပြု machine-vision စနစ်များတွင်လည်း အသုံးချနိုင်မည်ဟု မျှော်လင့်ထားသည်။
ယင်းနည်းပညာသည် ပစ္စည်းတစ်မျိုးတည်းအတွက်သာ ကန့်သတ်ထားခြင်း မဟုတ်ဘဲ လက်ရှိ ဆီမီးကွန်ဒတ်တာ ထုတ်လုပ်ရေးလိုင်းများနှင့် ကိုက်ညီသည့် low-temperature ink-based solution methods ကို အသုံးပြုထားကြောင်းလည်း တက္ကသိုလ်က ဆိုသည်။ အဆိုပါ သုတေသနကို သိပ္ပံနှင့် ICT ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့က ထောက်ပံ့ခဲ့သည်။