ချာနိုဘိုင်းစက်ရုံအနီးကို ရုရှားက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ကြောင်း ဇယ်လန်စကီ စွပ်စွဲ

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်စကီက ပိတ်သိမ်းထားသည့် ချာနိုဘိုင်း နျူကလီးယားဓာတ်အားပေးစက်ရုံအနီးရှိ ထိန်းချုပ်ကန့်သတ်ဇုန်ကို ရုရှားက ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲလိုက်သည်။ ဒရုန်းတစ်စင်းက နျူကလီးယားလောင်စာ သိုလှောင်ရေးစင်တာရှိ အဆောက်အအုံတစ်ခုကို ထိမှန်ခဲ့ပြီးနောက် ယင်းဖြစ်စဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဇယ်လန်စကီက ယင်းညပိုင်း တိုက်ခိုက်မှုကို “အလွန်သစ္စာဖောက်ပြီး ရန်လိုသည့် ရုရှားတိုက်ခိုက်မှု” ဟု ဖော်ပြခဲ့ပြီး Telegram တွင် ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများကလည်း ကိယက်ဗ်၏ မိတ်ဖက်နိုင်ငံများကို အကြောင်းကြားနေကြောင်း ပြောဆိုခဲ့သည်။ “ရုရှားက ဒီနျူကလီးယား အခြေခံအဆောက်အအုံကို တိတိကျကျ ရည်ရွယ်ပြီး ထိမှန်ခဲ့တာ” ဟု ၎င်းက ဆိုသည်။ ဓာတ်ရောင်ခြည်ပမာဏမှာ ခွင့်ပြုထားသည့် ကန့်သတ်ချက်ကို မကျော်လွန်ခဲ့သော်လည်း ရုရှား၏ “အလွန်အမင်း မျက်နှာပြောင်သည့် လုပ်ရပ်” တစ်ခုဖြစ်ကြောင်းလည်း ထပ်မံပြောကြားခဲ့သည်။
ယူကရိန်း နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီ Energoatom က Telegram တွင် ထုတ်ပြန်ရာ၌ သုံးပြီး နျူကလီးယားလောင်စာများ မသိမ်းဆည်းထားသည့် လောင်စာလက်ခံရေးအဆောက်အအုံမှာ ထိခိုက်ပျက်စီးမှု ကြီးမားခဲ့ကြောင်း ဆိုသည်။ မီးလောင်မှုမှာ စတုရန်းမီတာ ၄၀ အကျယ်အဝန်းအတွင်း ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း ကုမ္ပဏီက ထပ်မံပြောကြားသည်။ ဓာတ်ရောင်ခြည်ပမာဏမှာလည်း သတ်မှတ်စံနှုန်းအတွင်းသာ ရှိနေကြောင်း ဖော်ပြခဲ့သည်။
ချာနိုဘိုင်း စက်ရုံပတ်လည် ထိန်းချုပ်ကန့်သတ်ဇုန်အတွင်းရှိ ဗဟိုသိုလှောင်စခန်းသည် ယူကရိန်းရှိ အခြား နျူကလီးယားဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် သုံးပြီးလောင်စာကို ရေရှည်သိမ်းဆည်းရန် အသုံးပြုသည့် နေရာဖြစ်သည်။ ၁၉၈၆ ခုနှစ် ဧပြီ ၂၆ ရက်က ယခင် ဆိုဗီယက်ယူကရိန်းနယ်မြေတွင် ဖြစ်ပွားခဲ့သည့် ချာနိုဘိုင်း အဏုမြူမတော်တဆမှုမှာ ကမ္ဘာ့သမိုင်းတွင် အဆိုးရွားဆုံး နျူကလီးယားဘေးအန္တရာယ်အဖြစ် မှတ်တမ်းတင်ထားသည်။
နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ကလည်း လောင်စာလက်ခံရေးအဆောက်အအုံတွင် “သိသာထင်ရှားသော ပျက်စီးမှု” ရှိကြောင်း ယူကရိန်းဘက်က အကြောင်းကြားခဲ့သည်ဟု ဆိုသည်။ အဆောက်အအုံ၏ မျက်နှာစာ၊ ပြတင်းပေါက်များနှင့် တံခါးများလည်း ထိခိုက်ပျက်စီးခဲ့ပြီး အနီးအနားရှိ အဆောက်အအုံများမှာလည်း ပေါက်ကွဲအားကြောင့် ပျက်စီးခဲ့ကြောင်း IAEA က X တွင် ထုတ်ပြန်ခဲ့သည်။ အကျိုးသက်ရောက်မှုကို စစ်ဆေးအကဲဖြတ်ရန် IAEA အဖွဲ့တစ်ဖွဲ့ မကြာမီ နေရာသို့ သွားရောက်မည်ဟုလည်း ဆိုသည်။ IAEA ညွှန်ကြားရေးမှူးချုပ် ရာဖာယ်လ် ဂရော့စီကလည်း ယင်းဖြစ်စဉ်သည် အလွန်စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း၊ တိုက်ခိုက်ခံရသည့် အဆောက်အအုံမှ မီတာအနည်းငယ်သာ ကွာဝေးသည့် နေရာတွင် နျူကလီးယားပစ္စည်း ပမာဏအများအပြား တည်ရှိနေကြောင်း ထောက်ပြခဲ့သည်။
၎င်းက နျူကလီးယားအဆောက်အအုံများအပေါ် တိုက်ခိုက်မှုသည် လုံးဝလက်ခံနိုင်စရာမရှိဘဲ လက်နက်ကိုင်ပဋိပက္ခအတွင်း နျူကလီးယားလုံခြုံရေး၏ အခြေခံမူများကို တိုက်ရိုက် ချိုးဖောက်ခြင်းဖြစ်ကြောင်း အလေးပေးပြောဆိုခဲ့သည်။ ရုရှား၏ ယူကရိန်းစစ်ပွဲ ၅ နှစ်မြောက်သို့ ရောက်ရှိလာချိန်အတွင်း နျူကလီးယားဓာတ်အားပေးစက်ရုံများ၌ ဖြစ်ရပ်အများအပြား ဖြစ်ပွားခဲ့ပြီး တောင်ပိုင်းရှိ ဇာပိုရိဇ္ဇျာ နျူကလီးယားဓာတ်အားပေးစက်ရုံမှာ အထူးသဖြင့် ပဋိပက္ခဒဏ်ကို အများဆုံးခံခဲ့ရသည်။
ဇယ်လန်စကီသည် တနင်္ဂနွေနေ့က လန်ဒန်သို့ သွားရောက်ပြီး ဗြိတိန်ဝန်ကြီးချုပ် ကီးယား စတာမား၊ ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ် မက်ဇ်နှင့် ပြင်သစ်သမ္မတ အီမန်နျူအယ် မက်ခရွန်တို့နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ ၎င်းက ရုရှားအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့ပြီး ထိုညတွင် ယူကရိန်း၏ အခြားအရပ်သားပစ်မှတ်များကိုလည်း ဒေသ ၁၃ ခုတွင် ရုရှားက တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ တစ်ပတ်အတွင်း ရုရှားက ယူကရိန်းအပေါ် ရော့ကက်နှင့် ခရုဇ်ဒုံးကျည် ၈၈ စင်း၊ တိုက်ခိုက်ရေးဒရုန်း ၃,၂၅၀ စင်းကျော်နှင့် glide bombs ခန့်မှန်းခြေ ၁,၈၀၀ လုံး အသုံးပြု တိုက်ခိုက်ခဲ့ကြောင်းလည်း ဇယ်လန်စကီက ထုတ်ဖော်ပြောဆိုခဲ့သည်။