SK ဥက္ကဋ္ဌ Chey Tae-won နှင့် ဇနီးဟောင်း ပိုင်ဆိုင်မှုခွဲဝေရေးအတွက် တရားရုံးညှိနှိုင်းကြားနာပွဲ တက်ရောက်

SK Group ဥက္ကဋ္ဌ Chey Tae-won နှင့် ဇနီးဟောင်း Roh Soh-yeong တို့သည် ၎င်းတို့နှစ်ဦး၏ လူအများအာရုံစိုက်နေသည့် ကွာရှင်းပြတ်စဲမှုဆိုင်ရာ ပိုင်ဆိုင်မှုခွဲဝေရေးအမှုနှင့်ပတ်သက်၍ တနင်္လာနေ့က Seoul High Court ၌ တရားရုံးညှိနှိုင်းကြားနာပွဲသို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါအမှုသည် ပြီးခဲ့သည့် အောက်တိုဘာလက တရားလွန်အယူခံတရားရုံး၏ ပိုင်ဆိုင်မှုခွဲဝေဆုံးဖြတ်ချက်ကို Supreme Court က ပယ်ဖျက်ခဲ့ပြီး ကွာရှင်းပြတ်စဲမှုကိုသာ အတည်ပြုကာ Seoul High Court သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးနောက် ပြန်လည်စတင်စိစစ်နေခြင်းဖြစ်သည်။ တရားရုံးသို့ ရောက်ရှိလာစဉ် Chey က သတင်းထောက်များအား “ညှိနှိုင်းမှု အဆင်ပြေပြီး မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်ပါစေ” ဟု ပြောကြားခဲ့သည်။ Roh သည် သတင်းထောက်များ၏ မေးမြန်းမှုများကို မတုံ့ပြန်ဘဲ တရားရုံးအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ယင်းတို့နှစ်ဦးသည် ၂၀၂၄ ခုနှစ် ဧပြီနောက်ပိုင်း တရားရုံးတွင် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။ ယခုညှိနှိုင်းမှုတွင် Chey ၏ SK ရှယ်ယာများကို ပိုင်ဆိုင်မှုခွဲဝေမှုအတွင်း ထည့်သွင်းသင့်၊ မသင့်က အဓိကအငြင်းပွားဖွယ်ရာ ကိစ္စအဖြစ် ထပ်မံပေါ်ပေါက်လာနိုင်သည်။ Chey ဘက်က အဆိုပါရှယ်ယာများသည် အမွေဆက်ခံရရှိထားခြင်း သို့မဟုတ် လက်ဆောင်ရထားခြင်းဖြစ်သဖြင့် ပိုင်ဆိုင်မှုခွဲဝေမှုတွင် မပါဝင်သင့်ကြောင်း ပြောဆိုထားပြီး Roh ဘက်ကမူ လက်ထပ်ပြီးချိန်အတွင်း ရရှိခဲ့သည့် ပိုင်ဆိုင်မှုဖြစ်ကြောင်း အခိုင်အမာတောင်းဆိုထားသည်။
၂၀၂၄ ခုနှစ် မေလတွင် Seoul High Court က Roh အား ပိုင်ဆိုင်မှုခွဲဝေမှုအဖြစ် ဝမ် ၁.၃၈ ထရီလီယံခန့် (အမေရိကန်ဒေါ်လာ ၉၁၃ သန်း) ပေးဆောင်ရန် အမိန့်ချခဲ့ပြီး Roh ၏ ကွယ်လွန်သူ ဖခင်ဖြစ်သူ သမ္မတဟောင်း Roh Tae-woo က Chey ၏ ဖခင်ထံ လွှဲပြောင်းပေးခဲ့သည်ဟု စွပ်စွဲခံထားရသော ဝမ် ၃၀ ဘီလီယံတန် ဖုံးကွယ်ရန်ငွေ (slush fund) ကိုပါ ထည့်သွင်းစဉ်းစားခဲ့သည်။ သို့သော် Supreme Court က အဆိုပါငွေကြေးသည် တရားမဝင်သော ငွေကြေးဖြစ်သဖြင့် ပိုင်ဆိုင်မှုခွဲဝေမှုတွင် ထည့်သွင်းတွက်ချက်၍ မရကြောင်း ဆုံးဖြတ်ခဲ့သည်။
Chey သည် SK တွင် ၁၇.၉ ရာခိုင်နှုန်း အစုရှယ်ယာ ပိုင်ဆိုင်ထားပြီး လက်ရှိအခြေအနေအရ SK ရှယ်ယာတစ်စု၏ တန်ဖိုးမှာ ဝမ် ၆၀၀,၀၀၀ ကျော်အထိ ရောက်ရှိနေသည်။ ၎င်းသည် ၂၀၂၄ ခုနှစ် ဧပြီ ၁၆ ရက်က Seoul High Court ၌ ကွာရှင်းအမှုဆိုင်ရာ နှုတ်ဖြင့်ကြားနာပွဲ ပြီးဆုံးချိန်တွင် ရှယ်ယာတစ်စု ဝမ် ၁၆၀,၀၀၀ ခန့်သာ ရှိခဲ့သည့်အခြေအနေနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်လာခြင်း ဖြစ်သည်။
အဆိုပါအမှုသည် Chey က အိမ်ထောင်ရေး ပြတ်စဲရန် အစီအစဉ်ကို ကြေညာခဲ့ပြီး အိမ်ထောင်ရေးပြင်ပ ဆက်ဆံရေးတစ်ရပ်နှင့် ထိုဆက်ဆံရေးမှ ကလေးတစ်ဦးရှိကြောင်း ဝန်ခံခဲ့သည့် ၂၀၁၅ ခုနှစ်ကတည်းက စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သားသမီး ၃ ဦး ရှိကြသည့် Chey နှင့် Roh တို့သည် ၁၉၈၈ ခုနှစ်တွင် လက်ထပ်ခဲ့ကြသည်။