KAIST ၏ သုတေသနတိုးတက်မှုသစ်ကြောင့် AI ဒေတာစင်တာများ၏ အအေးပေးစွမ်းအင် အသုံးပြုမှုကို သိသိသာသာ လျှော့ချနိုင်မည်ဟုဆို

ကိုရီးယားအဆင့်မြင့်သိပ္ပံနှင့်နည်းပညာတက္ကသိုလ် (KAIST) မှ သုတေသီအဖွဲ့တစ်ဖွဲ့သည် AI စနစ်များအတွက် အရေးအကြီးဆုံး စိန်ခေါ်မှုတစ်ရပ်ဖြစ်သည့် အပူထုတ်လွှတ်မှု ပြဿနာကို ဖြေရှင်းနိုင်မည့် လီကွစ်အအေးပေး နည်းပညာအသစ်တစ်ရပ်ကို တီထွင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါနည်းပညာသည် ဆီမီးကွန်ဒတ်တာများကို အအေးပေးရာတွင် လိုအပ်သည့် စွမ်းအင်ကို လက်ရှိအဆင့်၏ ဆယ်ပုံတစ်ပုံခန့်အထိ လျှော့ချနိုင်ပြီး ထိရောက်မှုလည်း ပိုမိုမြင့်မားကြောင်း သိရသည်။
သုတေသနအဖွဲ့၏ ရှင်းလင်းချက်အရ လူ့ဆံပင်ထက်ပင် ပိုပါးလွှာသည့် မိုက်ခရိုချန်နယ် အအေးပေးလမ်းကြောင်းများကို ဆီမီးကွန်ဒတ်တာ ချစ်ပ်အတွင်း တိုက်ရိုက်ထည့်သွင်းကာ coolant ကို လမ်းကြောင်းများစွာမှတစ်ဆင့် ဖြန့်ဝေနိုင်မည့် manifold ဖွဲ့စည်းပုံနှင့် ပေါင်းစပ်ထားသည်။ ယင်းဒီဇိုင်းက coolant သွားလာရမည့် အကွာအဝေးကို တိုစေခြင်းဖြင့် စွမ်းအင်ဆုံးရှုံးမှုကို လျှော့ချကာ အပူဖယ်ရှားနိုင်စွမ်းကို မြှင့်တင်ရန် ရည်ရွယ်ထားသည်။
ယခင် manifold microchannel cooling စနစ်များတွင် လမ်းကြောင်းအချို့သို့ coolant ပိုမိုရောက်ရှိပြီး အချို့သို့နည်းပါးသွားသည့် မညီမျှ ပြန့်နှံ့မှု ပြဿနာများ ရှိနေတတ်ကြောင်း သုတေသီများက ဆိုသည်။ ထိုပြဿနာကို ဖြေရှင်းရန် အဖွဲ့က ဖွဲ့စည်းပုံကို အကောင်းဆုံးအဆင့်အထိ ချိန်ညှိတီထွင်ခဲ့ပြီး coolant သည် စနစ်တစ်ခုလုံးအတွင်း ပိုမိုညီမျှစွာ စီးဆင်းနိုင်အောင် ပြုလုပ်ထားသည်။
ဆီလီကွန်ဝေဖာပေါ်တွင် ဒီဇိုင်းကို ထုတ်လုပ်စမ်းသပ်ပြီးနောက် သုတေသီများက coefficient of performance 106,000 ကို တိုင်းတာရရှိခဲ့ကြောင်း ပြောကြားသည်။ အဖွဲ့၏ အဆိုအရ အအေးပေးရန် အသုံးပြုသည့် စွမ်းအင် ၁ ယူနစ်ဖြင့် အပူ ၁၀၆,၀၀၀ ယူနစ်ကို ဖယ်ရှားနိုင်သည့် သဘောဖြစ်ပြီး ၂၀၂၀ ခုနှစ်က Nature ဂျာနယ်တွင် ဖော်ပြခဲ့သော ယခင်ကမ္ဘာ့စံချိန်ထက် ၁၀ ဆကျော် ပိုမြင့်မားသည်ဟု ဆိုသည်။
အဆိုပါစနစ်သည် အခန်းအပူချိန်ရှိ ရေကို အသုံးပြုနိုင်ပြီး ရေကို ဆူပွက်အအေးပေးသည့် နည်းလမ်းများ၊ nanostructured surfaces များ သို့မဟုတ် diamond ကဲ့သို့ ဈေးကြီးသည့် ပစ္စည်းများ မလိုအပ်ကြောင်း သုတေသီများက ထုတ်ပြန်သည်။ ထို့အပြင် ယင်းနည်းပညာကို လက်ရှိ ဆီမီးကွန်ဒတ်တာ ထုတ်လုပ်ရေး လုပ်ငန်းစဉ်များအတွင်း ထပ်မံထုတ်လုပ်ရေးစက်ရုံအသစ် မလိုဘဲ ပေါင်းစည်းအသုံးပြုနိုင်ကြောင်းလည်း ဆိုသည်။
ဒေတာစင်တာများတွင် အသုံးပြုသည့် cold plates များအတွက်လည်း ဤဒီဇိုင်းအခြေခံကို စမ်းသပ်ခဲ့ရာ ပုံမှန်စနစ်များနှင့် နှိုင်းယှဉ်ပါက အအေးပေးစွမ်းဆောင်ရည် ၃၀ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ကြောင်း သိရသည်။ အဆိုပါ သုတေသနရလဒ်များကို ဇွန် ၁၅ ရက် တနင်္ဂနွေနေ့တွင် Energy Conversion and Management ဂျာနယ်၌ ဖော်ပြခဲ့သည်။