Hanon Systems ၏ အိုဟိုင်းယိုးစက်ရုံ Ford ၏ အမြင့်ဆုံး အရည်အသွေးအသိအမှတ်ပြုချက် ရရှိ

ကိုရီးယားကားအစိတ်အပိုင်းထုတ်လုပ်ရေးကုမ္ပဏီ Hanon Systems ၏ အမေရိကန် အိုဟိုင်းယိုးပြည်နယ် Carey မြို့ရှိ စက်ရုံသည် Ford Motor Company ၏ အမြင့်ဆုံး ပစ္စည်းပေးသွင်းသူ အရည်အသွေးအသိအမှတ်ပြုချက်ဖြစ်သော Q1 certification ကို ရရှိခဲ့ကြောင်း သိရသည်။
ယင်းအသိအမှတ်ပြုမှုကြောင့် Hanon Systems ၏ Ford မှ အတည်ပြုထားသော စက်ရုံကွန်ရက်သည် အမေရိကတိုက်၊ ဥရောပ၊ တရုတ်နှင့် အာရှ-ပစိဖိတ်ဒေသတို့အတွင်း စုစုပေါင်း ၂၇ ခုအထိ တိုးလာခဲ့သည်။ Q1 သတ်မှတ်ချက်သည် ထုတ်လုပ်မှုစွမ်းရည်၊ လိုဂျစ်စတစ်နှင့် အင်ဂျင်နီယာပိုင်းတို့တွင် ရေရှည်ထူးချွန်မှုကို အကဲဖြတ်သည့် စနစ်တကျ စိစစ်မှုဖြစ်ပြီး အရည်အသွေးညွှန်းကိန်းများအရ ၁၀၀ မှတ်တွင် အနည်းဆုံး ၈၅ မှတ် ရရှိနေဖို့ လိုအပ်သည်။
ထိုသတ်မှတ်ချက်ကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ပို့ဆောင်ချိန် တိကျမှု၊ warranty claims၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လိုအပ်ချက်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စည်းကမ်းလိုက်နာမှု စံနှုန်းများကိုပါ အပြည့်အဝ ဖြည့်ဆည်းရသည်။ Q1 အသိအမှတ်ပြု စက်ရုံများသည် နောက်လာမည့် Ford တင်ဒါများတွင် preferred supplier အဖြစ် ဦးစားပေးခံရနိုင်သဖြင့် ကားထုတ်လုပ်သူများ supply chain ကို ပြန်လည်ဖွဲ့စည်းနေသည့် ယခုအခြေအနေတွင် အရေးပါသည့် အားသာချက်တစ်ရပ်လည်း ဖြစ်သည်။
Ford ၏ Supplier Technical Assistance အဖွဲ့ဝင်များအပါအဝင် ကိုယ်စားလှယ်အဖွဲ့သည် အိုဟိုင်းယိုးစက်ရုံသို့ သွားရောက်ပြီး ဒေသခံခေါင်းဆောင်များနှင့် ဝန်ထမ်းများထံ အမှတ်တရပြားနှင့် အလံကို ပေးအပ်ကာ အောင်မြင်မှုကို တရားဝင် ဂုဏ်ပြုခဲ့သည်။ အခမ်းအနားအပြီးတွင် စက်ရုံဝန်ထမ်းများအတွက် ဂုဏ်ပြုနေ့လယ်စာကိုလည်း စီစဉ်ပေးခဲ့သည်။
Hanon ၏ အမေရိကတိုက် လုပ်ငန်းအဖွဲ့ကို ကြီးကြပ်နေသည့် အမှုဆောင်ဒုဥက္ကဋ္ဌ Brian Trudeau က “Ford Q1 သတ်မှတ်ချက်ဟာ အရည်အသွေးထူးချွန်မှု၊ ထုတ်လုပ်မှုယှဉ်ပြိုင်နိုင်စွမ်းနဲ့ ဖောက်သည်ကျေနပ်မှုကို ကိုယ်စားပြုတဲ့ အမှတ်အသားတစ်ခု ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ Carey စက်ရုံသည် ၂၀၁၇ ခုနှစ်ကတည်းက ထုတ်လုပ်မှုစတင်ခဲ့ပြီး အဓိကအားဖြင့် ကားများအတွက် အပူပေး၊ လေဝင်လေထွက်နှင့် လေအေးပေးစနစ် (HVAC) အစိတ်အပိုင်းများကို ထုတ်လုပ်ကာ မြောက်အမေရိကအခြေစိုက် Hanon ၏ လုပ်ငန်းကွန်ရက်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။