Chicago တွင် LG Energy Solution က ဘက်ထရီနည်းပညာ ကျွမ်းကျင်သူများကို ဆွဲဆောင်

LG Energy Solution သည် ၎င်း၏ အနာဂတ်ရည်မှန်းချက်များကို မိတ်ဆက်ရန်နှင့် ဘက်ထရီနည်းပညာကျွမ်းကျင်သူများကို ခေါ်ယူရန်အတွက် အမေရိကန်နိုင်ငံ ချီကာဂိုမြို့၌ မိတ်ဆက်ပွဲနှင့် ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအစီအစဉ်တွင် အမေရိကန်ထိပ်တန်း တက္ကသိုလ်များနှင့် သုတေသနအဖွဲ့အစည်းများမှ သုတေသီ ၄၀ ကျော် ပါဝင်ခဲ့သည်။
LG Energy Solution သည် ဇွန် ၁၄ ရက် စနေနေ့က ချီကာဂိုမြို့၌ Battery Tech Conference ကို ကျင်းပခဲ့ပြီး နည်းပညာပြသပွဲတစ်ခုအဖြစ်သာမက အလုပ်ခန့်အပ်ရေး အစီအစဉ်တစ်ခုအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ အခမ်းအနားတွင် CEO Kim Dong-myung နှင့် အကြီးတန်းအမှုဆောင်များ တက်ရောက်ခဲ့ကြပြီး Kim က “ယနေ့ခေတ်တွင် ဘက်ထရီသည် ထုတ်ကုန်တစ်ခုအနေနှင့်သာ မဟုတ်တော့ဘဲ ကမ္ဘာ့စွမ်းအင်စနစ်တစ်ခုလုံး၏ အရေးကြီးသော အခြေခံအဆောက်အအုံ ဖြစ်လာပြီ” ဟု ပြောကြားခဲ့သည်။
အဆိုပါပွဲသို့ Massachusetts Institute of Technology, Stanford University, University of California, Berkeley, University of Chicago နှင့် Argonne National Laboratory တို့မှ မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းသားများအပြင် သုတေသီများလည်း တက်ရောက်ခဲ့ကြသည်။ တက်ရောက်သူများမှာ စွမ်းအင်သိုလှောင်မှုစနစ်၊ မျိုးဆက်သစ်ဘက်ထရီ၊ artificial intelligence (AI) နှင့် physical AI စသည့် နယ်ပယ်အမျိုးမျိုးမှ ဖြစ်ပြီး ဘက်ထရီလုပ်ငန်း၏ အနာဂတ်အတွက် ဘက်ပေါင်းစုံမှ ပြင်ဆင်နေသည့် LG Energy Solution ၏ မဟာဗျူဟာကို ထင်ဟပ်စေသည်ဟု ဆိုသည်။
Kim Dong-myung သည် ကုမ္ပဏီတွင် material engineering ဘက်၌ Ph.D. သုတေသီအဖြစ် စတင်ဝင်ရောက်ခဲ့ရာမှ CEO အဖြစ် တာဝန်ယူလာသည့် ၎င်း၏ ကိုယ်ရေးခရီးကိုလည်း မျှဝေခဲ့သည်။ ထို့ပြင် မေးခွန်းဖြေကြားသည့် အစီအစဉ်တွင် သုတေသီတစ်ဦးနှင့် လုပ်ငန်းခေါင်းဆောင်တစ်ဦးအဖြစ် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများနှင့် တိုးတက်မှုများကို ဆွေးနွေးခဲ့သည်။ “LG Energy Solution ကို ဘက်ထရီထုတ်လုပ်သူတစ်ဦးသာမက စွမ်းအင်ပလက်ဖောင်းကုမ္ပဏီတစ်ခုအဖြစ် တည်ဆောက်နေပါတယ်။ အဲဒီ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့ သင်တို့လို စွန့်ဦးတီထွင်သူတွေ၊ သုတေသီတွေ လိုအပ်ပါတယ်” ဟု Kim က ပြောကြားခဲ့သည်။
အခမ်းအနားတွင် Yonsei University မှ Soft Energy Storage Lab ၏ အကြီးအကဲ ပါမောက္ခ Lee Sang-yup ကလည်း ပါဝင်ဟောပြောပြီး ဘက်ထရီသုတေသန၏ လက်ရှိရေစီးကြောင်းများကို မျှဝေခဲ့သည်။ ပါဝင်သုတေသီများကလည်း ၎င်းတို့၏ သုတေသနနယ်ပယ်များကို တင်ပြကာ အပြန်အလှန် အကြံဉာဏ်များ ဖလှယ်ခဲ့ကြသည်။ LG Energy Solution အရာရှိတစ်ဦးက Battery Tech Conference သည် ကုမ္ပဏီအတွက် ကမ္ဘာလုံးဆိုင်ရာ သုတေသနအရည်အချင်းများကို ဆွဲဆောင်နိုင်သည့် အဓိကချန်နယ်တစ်ခုဖြစ်ပြီး အနာဂတ်တိုးတက်မှုကို အရှိန်မြှင့်တင်ကာ ဆန်းသစ်တီထွင်မှုကို တွန်းအားပေးနိုင်မည့် အရည်အသွေးမြင့် ပုဂ္ဂိုလ်များကို ဆက်လက်ရရှိရန် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။