
BTS အဖွဲ့သည် ဆိုးလ်မြို့ ဂျုံးနိုဂူရှိ ဂွမ်ဟွမ်မုန်ရင်ပြင်၌ မတ် ၂၁ ရက် ည ၈ နာရီတွင် ကျင်းပသည့် “BTS Comeback Live: Arirang” ဖျော်ဖြေပွဲမှတစ်ဆင့် နီးပါး ၄ နှစ်ကြာ ရပ်နားခဲ့ပြီးနောက် တစ်ဖွဲ့လုံးအဖြစ် ပြန်လည်ရောက်ရှိလာကြောင်း ကမ္ဘာသို့ ကြေညာခဲ့သည်။ ပွဲတွင်း ပရိသတ်များ၏ အားပေးမှုကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးသည် ခရမ်းရောင်လှိုင်းကဲ့သို့ လွှမ်းခြုံသွားခဲ့သည်။
အဖွဲ့ဝင် RM၊ Jin၊ Suga၊ J-Hope၊ Jimin၊ V နှင့် Jung Kook တို့သည် ဂယောင်ဘော့ကုန်နန်းတော်၏ ဂွန်းဂျောင်မုန်၊ ဟွန်းနမ်မုန်နှင့် ဂွမ်ဟွမ်မုန်တို့ကို ဆက်သွယ်ထားသည့် တော်ဝင်လမ်းကြောင်းတစ်လျှောက် ဒရုန်းတစ်စင်း ပျံသန်းနေစဉ် ရိုးရာအကအဖွဲ့နှင့်အတူ ဝိုးလ္ဒယ်(မြင့်မားသော ကျောက်စင်) ပေါ်တွင် ပေါ်ထွက်လာခဲ့သည်။ BTS သည် ၎င်းတို့၏ ပဉ္စမမြောက်နှင့် နောက်ဆုံးထွက် စတူဒီယိုအယ်လ်ဘမ် “Arirang” မှ “Body to Body” ဖြင့် ဖျော်ဖြေမှုကို စတင်ခဲ့ပြီး သီချင်း၏ နောက်ပိုင်းပိုဒ်တွင် ကိုရီးယားရိုးရာသီချင်း “Arirang” ၏ တီးလုံးနမူနာများ ပါဝင်ခဲ့သည်။ အမျိုးသားဂူဂတ်(ရိုးရာတေးဂီတ)စင်တာမှ အဆိုတော်များနှင့် တူရိယာပညာရှင်များလည်း တိုက်ရိုက်ပူးပေါင်းဖျော်ဖြေခဲ့ပြီး ကိုရီးယားနှင့် နိုင်ငံတကာ ပရိသတ်များက “Arirang” ကို တစ်ပြိုင်နက် သီဆိုအားပေးခဲ့ကြသည်။
တစ်နာရီကြာ ဖျော်ဖြေပွဲအတွင်း BTS သည် ခဏနားခြင်းမရှိဘဲ သီချင်း ၁၂ ပုဒ် သီဆိုဖျော်ဖြေခဲ့ပြီး “Arirang” အယ်လ်ဘမ်မှ “Swim” နှင့် “Hooligan” အပါအဝင် ၈ ပုဒ်၊ ယခင်ဟစ်သီချင်းများဖြစ်သည့် “Butter” နှင့် “Dynamite” အပါအဝင် ၄ ပုဒ် ပါဝင်ခဲ့သည်။ Jimin က “Army၊ နောက်ဆုံးတော့ တွေ့ခဲ့ရပါပြီ။ ဒီလိုမျိုး မျက်နှာချင်းဆိုင် စကားပြောခွင့်ရတာ အရမ်းစိတ်လှုပ်ရှားပြီး ကျေးဇူးတင်မိပါတယ်။ အဖွဲ့ဝင် ၇ ယောက်လုံး ပြန်လည်စုစည်းနိုင်တာလည်း အရမ်းပျော်ပါတယ်” ဟု ပြောကြားခဲ့သည်။ Suga ကလည်း “ကိုရီးယားရဲ့ သမိုင်းဝင်ဆုံးနေရာတစ်ခုဖြစ်တဲ့ ဂွမ်ဟွမ်မုန်မှာ ဖျော်ဖြေခွင့်ရတာ ဂုဏ်ယူစရာပါ” ဟုဆိုကာ အယ်လ်ဘမ်ခေါင်းစဉ်ကို ‘Arirang’ ဟု သတ်မှတ်ခြင်းမှာ အဖွဲ့၏ ကိုယ်ပိုင်အမှတ်သညာကို ထင်ဟပ်စေလိုသည့် ရည်ရွယ်ချက်ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။ J-Hope ကလည်း “ပြန်လာနိုင်တာ အရမ်းပျော်ပါတယ်။ ဒီအခိုက်အတန့်အားလုံးက သင်တို့ကြောင့်ပါ။ BTS 2.0 အခုမှ စတင်တာပါ” ဟု ပြောကြားခဲ့သည်။
Netflix က ယင်းဖျော်ဖြေပွဲကို ကမ္ဘာတစ်ဝန်း တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး တိုက်ရိုက်ဂီတဖျော်ဖြေမှုတစ်ရပ်ကို Netflix က ပထမဆုံးအကြိမ်အဖြစ် တစ်ပြိုင်နက် အထူးထုတ်လွှင့်ခြင်းလည်း ဖြစ်သည်။ ပွဲကို Emmys, Grammys, Oscars၊ အမေရိကန် Super Bowl halftime show နှင့် ၂၀၁၂ လန်ဒန် နွေရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနားတို့ကိုလည်း တာဝန်ယူခဲ့ဖူးသည့် ဒါရိုက်တာ Hamish Hamilton က ဦးဆောင်ရိုက်ကူးခဲ့သည်။ ထိုကဲ့သို့ ကြီးမားသည့် ပရောဂျက်ကို နိုင်ငံ ၁၀ နိုင်ငံမှ ဝန်ထမ်းများ၊ ဘာသာစကား ၈ မျိုး ပြောဆိုသည့် ထုတ်လုပ်ရေးအဖွဲ့များနှင့် အချိန်ဇုန် ၆ ခုကျော် ဖြန့်ကျက်ထားသည့် အဖွဲ့အစည်းများ၏ ပူးပေါင်းညှိနှိုင်းမှုဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
ပရိသတ်အစုအရေအတွက် များပြားသော်လည်း လုံခြုံရေးစီမံချက်များ စနစ်တကျထားရှိနိုင်ခဲ့ပြီး မည်သည့်အဖြစ်အပျက်မှ မဖြစ်ပွားခဲ့ကြောင်း သိရသည်။ နိုင်ငံခြားမီဒီယာများကလည်း ယင်းဖျော်ဖြေပွဲကို အရေးပေါ်သတင်းအဖြစ် ဖော်ပြကာ ကွင်းအတွင်း အခြေအနေကို အချိန်နှင့်တပြေးညီ သတင်းပို့ခဲ့ကြသည်။ BTS အဖွဲ့သည် ဖျော်ဖြေပွဲအပြီး နောက်တစ်နေ့တွင် နယူးယောက်သို့ သွားရောက်ကာ မတ် ၂၃ ရက်တွင် Spotify စီစဉ်သည့် အခမ်းအနားတစ်ခုသို့ တက်ရောက်ရန်နှင့် မတ် ၂၅-၂၆ ရက်များတွင် NBC ၏ “The Tonight Show Starring Jimmy Fallon” အစီအစဉ်တွင် ပါဝင်ရန် စီစဉ်ထားသည်။ အဖွဲ့၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲကိုမူ ဧပြီ ၉၊ ၁၁ နှင့် ၁၂ ရက်များတွင် ကယောင်ဂီဒိုပြည်နယ် ဂိုယန်းမြို့ရှိ Goyang Sports Complex ၌ စတင်မည်ဖြစ်သည်။