AI နည်းပညာဖြင့် တီဗီဈေးကွက်တွင် နှစ် ၂၀ ကျော်လွှမ်းမိုးမှု ဆက်ထိန်းရန် Samsung ကြိုးပမ်း

ကမ္ဘာ့တီဗီဈေးကွက်တွင် နှစ် ၂၀ ကျော် ဆက်တိုက် ဦးဆောင်နေရာကို ထိန်းထားနိုင်ရန် Samsung Electronics က AI နည်းပညာကို အဓိက မဟာဗျူဟာအဖြစ် ပိုမိုအားထားလာကြောင်း သိရသည်။ Omdia ၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် Samsung သည် ကမ္ဘာလုံးဆိုင်ရာ တီဗီဝင်ငွေ၏ ၃၁.၃ ရာခိုင်နှုန်းကို ရယူနိုင်ခဲ့ပြီး အနီးကပ်ပြိုင်ဘက်ထက် နှစ်ဆကျော် ပိုများသည့် အားသာချက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။
Omdia ၏ ဖော်ပြချက်အရ Samsung သည် ဒေါ်လာ ၂,၅၀၀ အထက် ပရီမီယံတီဗီဈေးကွက်၌ ဝင်ငွေ၏ ၅၃.၄ ရာခိုင်နှုန်းကို ရရှိခဲ့သည်။ ဒေါ်လာ ၁,၅၀၀ အထက် စျေးတန်းတွင်လည်း ဈေးကွက်၏ ခန့်မှန်းခြေ တစ်ဝက်ခန့်ကို ချုပ်ကိုင်ထားနိုင်ခဲ့ပြီး ၉၈ လက်မ၊ ၁၀၀ လက်မ အပါအဝင် အလွန်ကြီးမားသည့် မော်ဒယ်များ၏ ရောင်းအားက ၇၅ လက်မနှင့်အထက် တီဗီများမှ ရရှိသည့် ဝင်ငွေ၏ ၃၁.၆ ရာခိုင်နှုန်းကို ဆွဲယူနိုင်ခဲ့ကြောင်း ဆိုသည်။ OLED နည်းပညာဘက်တွင်လည်း ပြည်တွင်းပြိုင်ဘက် LG Electronics က အဓိက ဦးဆောင်နေသည့် ဈေးကွက်နှင့် ကွာဟချက် လျော့ကျလာပြီး တစ်နှစ်ထက်တစ်နှစ် OLED ယူနစ်ရောင်းအား ၂၈.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ OLED ဝင်ငွေ၏ ၄၀.၁ ရာခိုင်နှုန်းကို ရယူနိုင်ခဲ့သည်။ အထူးသဖြင့် မြောက်အမေရိကဈေးကွက်တွင် အဆိုပါ ဝင်ငွေဝေစုသည် ၄၆.၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် OLED ဈေးကွက်သို့ ဝင်ရောက်ကတည်းက ကမ္ဘာလုံးဆိုင်ရာ OLED ရောင်းချမှု စုစုပေါင်း ၅ သန်းကျော်သွားကြောင်း သိရသည်။
Samsung အမှုဆောင်များကမူ ဟာ့ဒ်ဝဲသတ်မှတ်ချက်များကို ကျော်လွန်သည့် AI အားပြု ကြည့်ရှုမှုအတွေ့အကြုံကို ၂၀၂၆ ခုနှစ်၌ အစုလိုက်အပြုံလိုက် အသုံးပြုမှု စတင်လာမည့် အလှည့်အပြောင်းတစ်ခုအဖြစ် သတ်မှတ်ထားသည်။ ကုမ္ပဏီ၏ နောက်ဆုံးထုတ်ကုန်လိုင်းတွင် စက်သင်ယူမှု (machine learning) ဆော့ဖ်ဝဲကို အသုံးပြုပြီး အားကစားအစီအစဉ်များကို အချိန်နှင့်တပြေးညီ အကောင်းဆုံးဖြစ်အောင် ချိန်ညှိပေးနိုင်သလို စကားသံကို နောက်ခံအသံများမှ ခွဲထုတ်ကာ အသံထွက်ကို အလိုအလျောက် ပြင်ဆင်ပေးနိုင်သည်။ အရေးကြီးဆုံးအနေဖြင့် Samsung သည် အဆိုပါ AI လုပ်ဆောင်ချက်များကို အဆင့်မြင့်မော်ဒယ်များသာမက အများပြည်သူသုံး မော်ဒယ်များအထိ တိုးချဲ့နေပြီး ယင်းမဟာဗျူဟာ အောင်မြင်ပါက လုပ်ငန်းကဏ္ဍတွင် ၂၁ နှစ်ဆက်တိုက် ထိပ်ဆုံးနေရာကို ဆက်လက်ရယူနိုင်မည်ဟု မျှော်လင့်ရသည်။