ဥရောပ စားသုံးသူအဆင့်သတ်မှတ်ချက်များတွင် Samsung ၏ Galaxy S26 Ultra ထိပ်ဆုံးရောက်

Samsung Electronics ၏ Galaxy S26 Ultra သည် ဥရောပနိုင်ငံ ၇ နိုင်ငံရှိ စားသုံးသူအဖွဲ့များ၏ စမ်းသပ်အကဲဖြတ်မှုများတွင် ထိပ်ဆုံးနေရာကို ဆွတ်ခူးခဲ့ပြီး ပရီမီယံစမတ်ဖုန်းဈေးကွက်အတွင်း အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်လာနိုင်ကြောင်း ပြသနေသည်။
Samsung ၏ ကြေညာချက်အရ မတ် ၁၁ ရက်တွင် Galaxy S26 စီးရီးကို ကမ္ဘာလုံးဆိုင်ရာ မိတ်ဆက်ပြီးနောက် ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ ပေါ်တူဂီ၊ ဘယ်လ်ဂျီယမ်နှင့် ဆွီဒင်နိုင်ငံတို့ရှိ ထိပ်တန်း စားသုံးသူအဖွဲ့များ၏ သုံးသပ်မှုများတွင် Galaxy S26 Ultra သည် နံပါတ် ၁ အဖြစ် ရပ်တည်ခဲ့သည်။
ဗြိတိန်စားသုံးသူအဖွဲ့ Which? က အလုံးစုံ ရမှတ် ၈၇ မှတ်ဖြင့် ထိပ်ဆုံးတွင် သတ်မှတ်ခဲ့ပြီး “ဓာတ်ခွဲစမ်းသပ်မှုအားလုံးတွင် ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့သည်” ဟု ဆိုသည်။ အသစ်ထည့်သွင်းထားသည့် privacy display သည် လုံခြုံရေးပိုင်းတွင် အားကောင်းကြောင်းလည်း မှတ်ချက်ပြုခဲ့ပြီး Galaxy S25 Ultra နှင့် Galaxy S25+ တို့က ၈၅ မှတ်စီဖြင့် ဒုတိယနေရာကို တူညီစွာ ရရှိခဲ့သည်။
ပြင်သစ်၏ Que Choisir ကလည်း Galaxy S26 Ultra ကို ၁၇ မှတ်ပေးကာ ပထမနေရာသတ်မှတ်ခဲ့ပြီး အသေးစိတ်ကျသည့် ပုံရိပ်များ၊ အရောင်အသက်ဝင်မှု၊ အလင်းနည်းချိန် စွမ်းဆောင်ရည်နှင့် stabilization mode တွင် တည်ငြိမ်သည့် ဗီဒီယိုရလဒ်များကို ချီးကျူးခဲ့သည်။
အီတလီရှိ Altroconsumo က ၈၄ မှတ်ပေးကာ Galaxy S25 Ultra နှင့်အတူ ပထမနေရာတွင် တန်းတူထားခဲ့ပြီး ခန့်မှန်းခြေ ၅၁.၅ နာရီ ကြာရှည်သည့် ဘက်ထရီသက်တမ်း၊ 60W ကြိုးဖြင့် အားသွင်းမှုနှင့် 25W ကြိုးမဲ့အားသွင်းမှုတို့ကို အထူးထောက်ပြခဲ့သည်။ AI အခြေပြု photo assist လုပ်ဆောင်ချက်က စာသားညွှန်ကြားချက်များဖြင့် ပုံရိပ်တည်းဖြတ်နိုင်ခြင်းကြောင့်လည်း အားသာချက်တစ်ခုအဖြစ် ဖော်ပြခံခဲ့ရသည်။
စပိန် OCU ကမူ Galaxy S26 Ultra ကို “အားနည်းချက်မရှိသည့် ဖုန်း” ဟု သတ်မှတ်ကာ တာရှည်ခံမှု၊ မျက်နှာပြင်၊ ဘက်ထရီနှင့် ကင်မရာ စွမ်းဆောင်ရည်တို့ကို ချီးကျူးပြီး ၈၄ မှတ်ပေးခဲ့သည်။ ထို့အပြင် ပေါ်တူဂီ၏ Deco Proteste၊ ဘယ်လ်ဂျီယမ်၏ Test Achats နှင့် ဆွီဒင်၏ Råd & Rön တို့မှလည်း ထိပ်တန်းအဆင့် သတ်မှတ်ချက်များ ရရှိခဲ့သည်။
အီတလီ၊ စပိန်၊ ပေါ်တူဂီနှင့် ဘယ်လ်ဂျီယမ်တို့တွင်လည်း သက်ဆိုင်ရာအဖွဲ့များ၏ “Best of Test” အဖြစ် သတ်မှတ်ခံခဲ့ရပြီး ယင်းသည် သက်ဆိုင်ရာ အမျိုးအစားအတွင်း စွမ်းဆောင်ရည် အမြင့်ဆုံး ထုတ်ကုန်များအတွက်သာ ပေးအပ်သည့် ခေါင်းစဉ်ဖြစ်သည်။ ဥရောပတစ်ဝန်းရှိ စားသုံးသူအဖွဲ့များသည် ထုတ်ကုန်များ၏ စွမ်းဆောင်ရည်နှင့် ဈေးနှုန်းကို လွတ်လပ်စွာ စမ်းသပ်နှိုင်းယှဉ်သည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းများအဖြစ် လူသိများပြီး ဝယ်ယူသူများအတွက် အရေးပါသည့် ကိုးကားချက်တစ်ရပ်လည်း ဖြစ်သည်။
Galaxy S26 Ultra သည် ယခုနှစ်အစပိုင်းတွင်လည်း စပိန်နိုင်ငံ ဘာစီလိုနာမြို့၌ မတ် ၄ ရက်က ကျင်းပသည့် Mobile World Congress 2026 တွင် Best in Show ဆုကို ရရှိထားပြီး တရားသူကြီးများက privacy display အပါအဝင် လုပ်ဆောင်ချက်များမှတစ်ဆင့် မိုဘိုင်းနည်းပညာ၏ နယ်နိမိတ်များကို တိုးချဲ့နိုင်သလို လက်တွေ့အသုံးဝင်မှုကိုလည်း ပေးစွမ်းနိုင်ကြောင်း သုံးသပ်ခဲ့သည်။