တူရကီရှိ အော်သိုဒေါက်စ် ခရစ်ယာန်သင်တန်းကျောင်း Halki ပြန်ဖွင့်ရေး ဆွေးနွေးမှုများ ပြန်စရန် အဲဒိုဂန် ညွှန်ကြား

တူရကီသမ္မတ တေယစ်ပ် အဲဒိုဂန်သည် အစ္စတန်ဘူလ်မြို့အနီးရှိ အော်သိုဒေါက်စ် ခရစ်ယာန်သင်တန်းကျောင်း Halki ကို ပြန်လည်ဖွင့်လှစ်ရေး ဆွေးနွေးမှုများကို ပြန်လည်စတင်ရန် တာဝန်ရှိသူများအား ညွှန်ကြားလိုက်သည်။ အဆိုပါကိစ္စသည် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် အပါအဝင် နိုင်ငံတကာ နိုင်ငံရေးဆွေးနွေးမှုများအတွင်းလည်း ထပ်မံအရေးပါလာခဲ့သည်။
Reuters သတင်းအရ Halki သင်တန်းကျောင်းကို 1844 ခုနှစ်တွင် တည်ထောင်ခဲ့ပြီး 1971 ခုနှစ်တွင် တူရကီအစိုးရက ပိတ်သိမ်းခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် Eastern Orthodox Church အတွင်းရှိ Ecumenical Patriarchate ၏ အဓိက ဘာသာရေးသင်တန်းကျောင်းတစ်ခုအဖြစ် အရေးပါခဲ့ပြီး လက်ရှိ Patriarch Bartholomew အပါအဝင် မျိုးဆက်အဆက်ဆက်သော အော်သိုဒေါက်စ် ဘာသာရေးခေါင်းဆောင်များကို မွေးထုတ်ပေးခဲ့သည်။
ထရမ့်သည် ယမန်နှစ် ဝါရှင်တန်တွင် အဲဒိုဂန်နှင့် တွေ့ဆုံစဉ် ယင်းကိစ္စကို တင်ပြခဲ့ပြီး အစ္စတန်ဘူလ်မြို့အနီး Heybeliada ကျွန်းပေါ်ရှိ အဆိုပါသင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်ရေးအတွက် ဂရိ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ကလည်း ကာလရှည်ကြာ ဖိအားပေးလျက်ရှိသည်။ အစ္စတန်ဘူလ်ဒေသကို တာဝန်ယူထားသည့် Chalcedon မြို့တော်ဘုန်းတော်ကြီး Emmanuel က အဲဒိုဂန်၏ ညွှန်ကြားချက်အပြီး ယင်းကိစ္စသည် “အဆင့်သစ်” သို့ ရောက်ရှိသွားပြီဟု ပြောကြားခဲ့သည်။
သင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်မည့် အချိန်ဇယားကို မသတ်မှတ်ရသေးကြောင်း Emmanuel က ဆိုသော်လည်း “Patriarchate အတွက်တော့ ဆယ်စုနှစ်များစွာ မရွေ့လျားနိုင်ခဲ့ရာမှ ယခု ရေစီးကြောင်း ပြောင်းလာပြီ” ဟု ပြောသည်။ ၎င်းက အဆောက်အအုံ ပြုပြင်မွမ်းမံရေးလုပ်ငန်းများကို နှစ်ဖက်စလုံးအနေဖြင့် ဆက်လက်ပြီးစီးရန် လိုအပ်သကဲ့သို့ လုပ်ငန်းလည်ပတ်မည့် တရားဥပဒေနှင့် ပညာရေး မူဘောင်ကိုလည်း သဘောတူရမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
Halki သင်တန်းကျောင်းကို 1971 ခုနှစ်တွင် တူရကီဖွဲ့စည်းပုံအခြေခံဥပဒေရုံး၏ ဆုံးဖြတ်ချက်အရ ပုဂ္ဂလိက အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများသည် ပြည်နယ်တက္ကသိုလ်များနှင့် ချိတ်ဆက်ထားရမည်ဆိုသည့် သတ်မှတ်ချက်ကြောင့် ပိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး Patriarchate က အဆိုပါသတ်မှတ်ချက်ကို လက်မခံခဲ့ကြောင်း သိရသည်။