My

အီရန် နျူကလီးယားဆွေးနွေးပွဲ စတင်ရန် ဂျေ.ဒီ. ဗန့်စ် ဆွစ်ဇာလန်သို့ ရောက်ရှိ

Policies

အီရန် နျူကလီးယားဆွေးနွေးပွဲ စတင်ရန် ဂျေ.ဒီ. ဗန့်စ် ဆွစ်ဇာလန်သို့ ရောက်ရှိ

2026.06.21Zaymy Official50

အမေရိကန် ဒုတိယသမ္မတ ဂျေ.ဒီ. ဗန့်စ်သည် အီရန်၏ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ရေးနှင့် စစ်ရပ်စဲရေးဆိုင်ရာ ယာယီသဘောတူညီချက်ကို ခိုင်မာစေရန် ဆွေးနွေးမည့် အကြိုညှိနှိုင်းပွဲများ စတင်နိုင်ရန် တနင်္ဂနွေနေ့က ဆွစ်ဇာလန်သို့ ရောက်ရှိလာခဲ့သည်။ သို့သော် လစ်ဘနွန်တွင် အစ္စရေးနှင့် ဟဇ်ဘိုလာအဖွဲ့ကြား တိုက်ပွဲများ ပိုမိုတင်းမာလာသလို ဟော်မုဇ် ရေလက်ကြားကို ပိတ်ထားကြောင်း အီရန်က ကြေညာထားသဖြင့် ဆွေးနွေးပွဲ အခြေအနေမှာ ရှုပ်ထွေးနေသည်။

ဗန့်စ်နှင့် ၎င်း၏ဇနီး Usha Vance တို့သည် ဒေသစံတော်ချိန် မနက် ၆ နာရီမတိုင်မီ Lucerne မြို့ပြင်ရှိ Emmen လေတပ်စခန်းသို့ ရောက်ရှိခဲ့ကြောင်း ၎င်း၏ရုံးက ပြောသည်။ ပြီးခဲ့သည့် သီတင်းပတ်က အခြေခံမူဘောင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အမေရိကန်နှင့် အီရန် ညှိနှိုင်းရေးမှူးများသည် ကမ္ဘာ့စီးပွားရေးနှင့် လုံခြုံရေးအပေါ် ကြီးမားသက်ရောက်မှုရှိမည့် နည်းပညာဆိုင်ရာ အသေးစိတ်အချက်များကို ရက် ၆၀ အတွင်း သဘောတူညီနိုင်ရန် အမြန်ကြိုးပမ်းနေကြသည်။

သို့သော် ထိုနှစ်လတာကာလ၏ အစပိုင်းမှာပင် လစ်ဘနွန်၌ အီရန်ထောက်ခံ စစ်သွေးကြွအဖွဲ့ ဟဇ်ဘိုလာနှင့် အစ္စရေးတို့အကြား ပစ်ခတ်တိုက်ခိုက်မှုများ ပြင်းထန်လာခဲ့သလို အီရန်စစ်တပ်ကလည်း ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်သွယ်မှု၏ ၅ ပုံ ၁ ပုံခန့် ဖြတ်သန်းရာ အရေးကြီးသည့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားကြောင်း ကြေညာခဲ့သည်။ ယင်းကြေညာချက်ကို အမေရိကန် ဗဟိုကွပ်ကဲမှုအဖွဲ့ (CENTCOM) က ငြင်းဆိုပြီး အမေရိကန်တပ်ဖွဲ့များအနေဖြင့် ရေလမ်းကြောင်းမှ သွားလာမှု ဆက်လက် အနှောင့်အယှက်မရှိစေရန် စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။ ဗန့်စ်ကလည်း မကြာသေးမီရက်များအတွင်း ရေလက်ကြားမှ ရေနံစည် သန်းပေါင်းများစွာ ဖြတ်သန်းသွားခဲ့ကြောင်း ပြောဆိုထားသည်။

ဗန့်စ်သည် အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက အီရန်ညှိနှိုင်းရေးအဖွဲ့ ဆွစ်ဇာလန်သို့ ရောက်ရှိပြီဟု ကြေညာပြီးနောက် အမေရိကန်မှ ထွက်ခွာခဲ့ခြင်းဖြစ်သည်။ အီရန်ဘက် ညှိနှိုင်းရေးအဖွဲ့တွင် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမတ် ဘာဂါ ကာလီဘာဖ်၊ နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီ၊ ဗဟိုဘဏ်နှင့် ရေနံဆိုင်ရာ အရာရှိများ ပါဝင်သည်။ အမေရိကန်ဘက်တွင် အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်နှင့် သမ္မတ ဒေါ်နယ် ထရမ့်၏ သားမက် ဂျားရက် ကူရှ်နာတို့က ဆွေးနွေးပွဲ၏ နည်းပညာပိုင်း အသေးစိတ်များကို အစောပိုင်းကတည်းက စိစစ်နေသည်။

ဆွေးနွေးပွဲများတွင် ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif နှင့် တပ်မတော်အကြီးအကဲ Field Marshal Asim Munir တို့အပြင် ကာတာနိုင်ငံ၏ ကြားဝင်ညှိနှိုင်းသူများလည်း ပါဝင်မည်ဖြစ်သည်။ ဗန့်စ်က ဆွစ်ဇာလန်တွင် “တစ်ရက် သို့မဟုတ် နှစ်ရက်” သာ နေမည်ဟု ပြောဆိုထားပြီး အသေးစိတ် ညှိနှိုင်းမှုအများစုကို ဝစ်ကော့ဖ်နှင့် ကူရှ်နာတို့က ဦးဆောင်မည်ဟု ဆိုသည်။ သို့သော် ၂၀၂၈ သမ္မတရွေးကောက်ပွဲတွင် ဝင်ပြိုင်နိုင်ခြေကို စဉ်းစားနေသည့် အချိန်တွင် ဤဆွေးနွေးပွဲအတွင်း ၎င်း၏အခန်းကဏ္ဍကြောင့် ဒုတိယသမ္မတအပေါ် စောင့်ကြည့်မှု ပိုမိုမြင့်တက်လာနေသည်။

အဆိုပါ သဘောတူညီချက်အပေါ် သမ္မတ ထရမ့်နှင့် ဗန့်စ်တို့သည် ၎င်းတို့ပါတီအတွင်းမှ အင်အားကြီး အစွန်းရောက်ဝါဒီအချို့၏ ပြင်းထန်စွာ ဝေဖန်မှုကို ခံနေရပြီး ယင်းသည် အိုဘားမားအစိုးရ လက်ထက်က ချုပ်ဆိုခဲ့သည့် နျူကလီးယားသဘောတူညီချက်နှင့် အလွန်နီးစပ်နေသည်ဟု ထောက်ပြနေကြသည်။ သဘောတူညီချက်အရ အီရန်သည် ၎င်း၏ ရေနံကို လွတ်လပ်စွာ ရောင်းချနိုင်မည်ဖြစ်ပြီး လက်ရှိ ပိတ်ဆို့ထားသည့် ဒေါ်လာဘီလီယံချီသော ပိုင်ဆိုင်မှုများကိုလည်း ထုတ်ယူအသုံးပြုနိုင်ရန် လမ်းဖွင့်ပေးထားသည်။ ထို့အပြင် အမေရိကန်က ပြီးခဲ့သည့် နွေရာသီက တိုက်ခိုက်ခဲ့သော နျူကလီးယားစခန်းများအောက်တွင် သိမ်းဆည်းထားသည်ဟု ယူဆရသည့် အလွန်မြင့်မားသန့်စင်ထားသော ယူရေနီယမ် လက်ကျန်ပမာဏကို လျှော့ချရန်လည်း သဘောတူထားသည်။

သဘောတူညီချက်အရ စီးပွားရေးရေယာဉ်များသည် ဟော်မုဇ် ရေလက်ကြားကို ရက် ၆၀ အတွင်း အခကြေးငွေမပေးဘဲ ဖြတ်သန်းနိုင်မည်ဖြစ်သော်လည်း နောက်ပိုင်းတွင် အီရန်က အခကြေးငွေ သတ်မှတ်နိုင်ခြေကို ပိတ်မထားပေ။ ထရမ့်ကလည်း ရက် ၆၀ အတွင်း အီရန်နှင့် သဘောတူညီမှု မရပါက အမေရိကန်ဘက်မှ ရေလက်ကြားအပေါ် အခွန်ကောက်ခံမည်ဟု စနေနေ့က လူမှုကွန်ရက်တွင် ခြိမ်းခြောက်ခဲ့ပြီး ထိုငွေများကို “အရှေ့အလယ်ပိုင်း နိုင်ငံများအတွက် Guardian Angel အဖြစ် ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုကြေး” အဖြစ် အသုံးပြုမည်ဟု ဆိုခဲ့သည်။

ထို့အပြင် အစ္စရေးနှင့် ဟဇ်ဘိုလာတို့သည် အမေရိကန်-အီရန် သဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသဖြင့် အခြေအနေ ပိုမိုရှုပ်ထွေးနေသည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟုကလည်း အစ္စရေးအပေါ် ခြိမ်းခြောက်မှု မပျောက်ကွယ်မချင်း ၎င်း၏တပ်ဖွဲ့များကို လစ်ဘနွန်တောင်ပိုင်းတွင် ဆက်လက်ထားမည်ဟု ကတိပြုထားသည်။ ဟဇ်ဘိုလာဘက်ကလည်း အစ္စရေးက လစ်ဘနွန်မှ ဆုတ်ခွာမည်ဟု အာမခံခြင်းမရှိပါက တိုက်ခိုက်မှုများ ရပ်တန့်မည်မဟုတ်ဟု ပြောထားသည်။ သဘောတူညီချက်အပြီး ပထမရက်အနည်းငယ်အတွင်း အစ္စရေးနှင့် ဟဇ်ဘိုလာတို့၏ တိုက်ပွဲများကြောင့် လစ်ဘနွန်တွင် လူ ၄၇ ဦး သေဆုံးပြီး အစ္စရေးစစ်သား ၄ ဦးလည်း ကျဆုံးခဲ့သည်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်