အမေရိကန်-အီရန် ၁၄ ချက်ပါ ယာယီသဘောတူညီချက်ကို အိမ်ဖြူတော် ကွန်ဂရက်သို့ ပေးပို့

အိမ်ဖြူတော်က အမေရိကန်နှင့် အီရန်ကြား ယာယီသဘောတူညီချက်စာသားကို ကွန်ဂရက်သို့ ပေးပို့ခဲ့ပြီး အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကို ရပ်ဆိုင်းရန်နှင့် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ရန် ရည်ရွယ်ထားသည်။ ဆွစ်ဇာလန်တွင် သောကြာနေ့က လက်မှတ်ရေးထိုးမည့် အစီအစဉ်နောက်ပိုင်း ရက် ၆၀ ကြာ ဆွေးနွေးညှိနှိုင်းမှုကာလ စတင်မည်ဖြစ်သည်။
Reuters က မြင်တွေ့ခဲ့သည့် မိတ္တူအရ “Islamabad Memorandum of Understanding between the Islamic Republic of Iran and the United States of America” ဟု အမည်ပေးထားသည့် အဆိုပါစာတမ်းတွင် အချက် ၁၄ ချက် ပါဝင်ပြီး အီရန်၏ နျူကလီးယားအစီအစဉ် လျှော့ချရေး၊ ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းရေးနှင့် အပြီးသတ်သဘောတူညီချက် (final deal) တို့ကို နောက်ဆုံးအဆင့် ဆွေးနွေးမှုများထဲသို့ ရွှေ့ဆိုင်းထားသည်။ အမေရိကန် ဒုတိယသမ္မတ JD Vance ကလည်း အဆိုပါ ၆၀ ရက်ကြာ ညှိနှိုင်းမှုကာလသည် ကြာသပတေးနေ့မှ စတင်ခဲ့ကြောင်း ပြောကြားထားသည်။
စာတမ်းအရ အီရန်၊ အမေရိကန်နှင့် လက်ရှိစစ်ပွဲတွင် ပါဝင်နေသော ၎င်းတို့၏ မဟာမိတ်များသည် လက်တွဲသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်းဖြင့် လေဗနွန်အပါအဝင် ရှေ့တန်းအားလုံးမှ စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းနှင့် အမြဲတမ်းရပ်စဲကြောင်း ကြေညာမည်ဖြစ်သည်။ နှစ်ဖက်စလုံးကလည်း တစ်ဖက်နှင့်တစ်ဖက် စစ်စတင်ခြင်း၊ စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခြင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် အင်အားသုံးခြင်း မပြုရန် သဘောတူထားပြီး လေဗနွန်၏ နယ်မြေပိုင်နက်နှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းရန်လည်း ကတိပြုထားသည်။
ထို့အပြင် နှစ်နိုင်ငံသည် အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ကို အပြန်အလှန် လေးစားရန်၊ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် သဘောတူထားသည်။ အပြီးသတ်သဘောတူညီချက်ကို ရက် ၆၀ အတွင်း အပြီးသတ်ရန် ရည်ရွယ်ထားပြီး နှစ်ဖက်သဘောတူညီပါက သက်တမ်းတိုးနိုင်ကြောင်း ဖော်ပြထားသည်။
ရေကြောင်းဆိုင်ရာ အပိုင်းတွင် လက်မှတ်ရေးထိုးသည့်နေ့မှစ၍ အမေရိကန်က အီရန်အပေါ် ချမှတ်ထားသည့် ရေတပ်ပိတ်ဆို့မှုနှင့် အဟန့်အတားများကို စနစ်တကျ ရုပ်သိမ်းသွားမည်ဖြစ်ပြီး ၃၀ ရက်အတွင်း အပြည့်အဝ ရပ်စဲမည်ဟု ဖော်ပြထားသည်။ ဤကာလအတွင်း သင်္ဘောသွားလာမှုကို စစ်မဖြစ်မီအဆင့်သို့ ပြန်လည်ထူထောင်ခြင်းနှင့်အညီ ခွင့်ပြုမည်ဖြစ်ပြီး အပြီးသတ်သဘောတူညီချက် ရရှိပြီးနောက် ၃၀ ရက်အတွင်း အီရန်အနီးရှိ အမေရိကန်တပ်ဖွဲ့များကိုလည်း ရုပ်သိမ်းမည်ဟု ပါရှိသည်။
အီရန်ဘက်ကလည်း ပါရှန်းပင်လယ်ကွေ့မှ အိုမန်ပင်လယ်သို့နှင့် ပြန်လည်စီးဆင်းသည့် ကုန်သင်္ဘောများ လုံခြုံစွာ ဖြတ်သန်းနိုင်ရေးအတွက် ၆၀ ရက်တာ အခကြေးငွေမယူဘဲ စီစဉ်ပေးမည်ဟု ကတိပြုထားသည်။ နည်းပညာနှင့် စစ်ရေးအဟန့်အတားများ ဖယ်ရှားခြင်း၊ မိုင်းရှင်းလင်းခြင်းတို့ လိုအပ်သည့်အတွက် သင်္ဘောသွားလာမှုကို ၃၀ ရက်အတွင်း စတင်ကျင့်သုံးမည်ဟု ဆိုထားသည်။ ဟော်မုဇ်ရေလက်ကြား၏ အနာဂတ် စီမံခန့်ခွဲမှုနှင့် ရေကြောင်းဝန်ဆောင်မှုများအကြောင်းကို အိုမန်နှင့် ဆွေးနွေးပြီး အခြားကမ်းရိုးတန်းနိုင်ငံများနှင့်လည်း နိုင်ငံတကာဥပဒေနှင့်အညီ ညှိနှိုင်းမည်ဟု ဖော်ပြထားသည်။
စီးပွားရေးပိုင်းတွင် အမေရိကန်က ဒေသတွင်း မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းကာ အီရန် ပြန်လည်တည်ဆောက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၃၀၀ ဘီလီယံ ပါဝင်သည့် အစီအစဉ်တစ်ရပ်ကို ဖော်ဆောင်မည်ဟု ဖော်ပြထားပြီး ယင်းအစီအစဉ် အကောင်အထည်ဖော်ရေး ယန္တရားကို ၆၀ ရက်အတွင်း အပြီးသတ်မည်ဟု ဆိုသည်။ ထို့အပြင် ငွေကြေးလွှဲပြောင်းမှုများအတွက် လိုအပ်သည့် လိုင်စင်များ၊ waivers နှင့် ခွင့်ပြုချက်များကိုလည်း အမေရိကန်က ထုတ်ပေးမည်ဖြစ်သည်။
ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ပတ်သက်၍ အမေရိကန်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ IAEA အုပ်ချုပ်ရေးဘုတ်အဖွဲ့ ဆုံးဖြတ်ချက်များအပါအဝင် အီရန်အပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှု အမျိုးအစားအားလုံးကို အပြီးသတ်သဘောတူညီချက်၏ အစိတ်အပိုင်းအဖြစ် သဘောတူညီသည့် အချိန်ဇယားအတိုင်း ရုပ်သိမ်းမည်ဟု ဖော်ပြထားသည်။
နျူကလီးယားကဏ္ဍတွင် အီရန်က နျူကလီးယားလက်နက် ထုတ်လုပ်ခြင်း သို့မဟုတ် တိုးတက်ဖွံ့ဖြိုးစေခြင်း မပြုကြောင်း ထပ်မံအတည်ပြုထားသည်။ စုပုံထားသည့် အလွန်သန့်စင်ယူရေနီယမ် စတော့များကို IAEA ကြီးကြပ်မှုအောက်တွင် နေရာတွင်ပင် လျှော့ချရောစပ်သည့် နည်းလမ်းအပါအဝင် နှစ်ဖက်သဘောတူ ယန္တရားဖြင့် ဖြေရှင်းမည်ဖြစ်သည်။ ထို့ပြင် အီရန်၏ နျူကလီးယားလိုအပ်ချက်များနှင့် ဆက်နွယ်သည့် enrichment များနှင့် အခြားအချက်များကိုလည်း အပြီးသတ်သဘောတူညီချက်တွင် သင့်တော်သည့် မူဘောင်တစ်ရပ်အပေါ် အခြေခံ၍ ဆွေးနွေးမည်ဟု ဖော်ပြထားသည်။
စာတမ်းအရ အပြီးသတ်သဘောတူညီချက် မရရှိမီကာလအတွင်း အီရန်သည် ၎င်း၏ နျူကလီးယားအစီအစဉ်၏ လက်ရှိအခြေအနေကို ထိန်းသိမ်းမည်ဖြစ်ပြီး အမေရိကန်ဘက်ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုအသစ် မချမှတ်ဘဲ ဒေသတွင်း တပ်ဖွဲ့အင်အား ထပ်မံမတိုးချဲ့ရန် သဘောတူထားသည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း အီရန်၏ ရေနံစိမ်း၊ ရေနံထွက်ပစ္စည်းများနှင့် ဆက်စပ်ဝန်ဆောင်မှုများကို တင်ပို့နိုင်ရန် waivers ထုတ်ပေးမည်ဖြစ်ပြီး ဘဏ်လုပ်ငန်း၊ အာမခံနှင့် သယ်ယူပို့ဆောင်ရေးတို့ကိုလည်း ခွင့်ပြုမည်ဖြစ်သည်။
ထို့အတူ အေးခဲထားသည့် သို့မဟုတ် ကန့်သတ်ထားသည့် အီရန်ပိုင်ငွေများနှင့် ပစ္စည်းပိုင်ဆိုင်မှုများကို အပြည့်အဝ အသုံးပြုနိုင်ရန် အမေရိကန်က ခွင့်ပြုမည်ဟု ဖော်ပြထားပြီး ဤရန်ပုံငွေများ လွှတ်ပေးရေး လုပ်ထုံးလုပ်နည်းကို ဆွေးနွေးညှိနှိုင်းမှုအတွင်း နှစ်ဖက်သဘောတူရန် ဆိုထားသည်။ အီရန်ဗဟိုဘဏ်က သတ်မှတ်သည့် အကျိုးခံစားခွင့်ရှိသူများထံ ပေးချေရန်လည်း အပြည့်အဝ အသုံးပြုနိုင်ရမည်ဟု ပါဝင်သည်။
သဘောတူညီချက် အကောင်အထည်ဖော်မှုနှင့် နောက်ဆက်တွဲလိုက်နာမှုကို စောင့်ကြည့်ရန် အလုပ်အမှုဆောင်ယန္တရားတစ်ရပ် ဖွဲ့စည်းမည်ဖြစ်ပြီး အပိုဒ် ၁၊ ၄၊ ၅၊ ၁၀ နှင့် ၁၁ တို့ အကောင်အထည်ဖော်မှု စတင်ပြီးနောက်မှသာ အခြားအပိုဒ်များအပေါ် အပြီးသတ်သဘောတူညီချက်ဆိုင်ရာ ဆွေးနွေးမှုများ စတင်မည်ဟု ဆိုထားသည်။ အပြီးသတ်သဘောတူညီချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အတည်ပြုဆုံးဖြတ်ချက်ဖြင့် အတည်ပြုမည်ဖြစ်သည်။