ကိုရီးယားဝက်တုန်းများကို တရားမဝင် ကမ္ဘာတစ်ဝန်း ဖြန့်ချိခဲ့သည့် ဗီယက်နမ်လင်မယား ဖမ်းဆီးခံရ

ကိုရီးယား ဒစ်ဂျစ်တယ်ကာတွန်းများဖြစ်သည့် ဝက်တုန်းများကို ဘာသာပြန်၍ ကမ္ဘာတစ်ဝန်း တရားမဝင် ဖြန့်ချိခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဗီယက်နမ် လင်မယားနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း တောင်ကိုရီးယား ယဉ်ကျေးမှုဝန်ကြီးဌာနက ဇွန် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းနှင့်ပတ်သက်၍ ဗီယက်နမ် အာဏာပိုင်များက ဝက်ဘ်ဆိုက် ၃ ခုကို ပိတ်သိမ်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်။
ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သံသယရှိသူ လင်မယားသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကတည်းက ကိုရီးယား ဝက်တုန်းများကို အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်၍ အာရှ၊ မြောက်အမေရိကနှင့် ဥရောပရှိ အသုံးပြုသူများထံ ခွင့်ပြုချက်မရှိဘဲ ဖြန့်ချိခဲ့သည်ဟု ဆိုသည်။ ၎င်းတို့သည် အွန်လိုင်းကြော်ငြာများနှင့် အသုံးပြုသူများ၏ လှူဒါန်းငွေများမှတစ်ဆင့် အကျိုးအမြတ်ရယူခဲ့ကြောင်းလည်း သံသယရှိသည်။
အဆိုပါ ဝက်ဘ်ဆိုက် ၃ ခုမှတစ်ဆင့် ဝက်တုန်း ခေါင်းစဉ်ပေါင်း ၁၄,၇၀၀ ခန့်ကို တရားမဝင် ဖြန့်ဝေခဲ့ပြီး ၎င်းတို့အနက် ကိုရီးယားအကြောင်းအရာများမှာ ၇၀ ရာခိုင်နှုန်းခန့် ပါဝင်ခဲ့သည်။ ပလက်ဖောင်း ၃ ခု၏ စုစုပေါင်း ကြည့်ရှုနှုန်းမှာ နှစ်စဉ် ၁.၁ ဘီလျံအထိ ရှိခဲ့ပြီး ခန့်မှန်းဆုံးရှုံးမှုတန်ဖိုးမှာ ဝမ် ၂၀၇.၂ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၃၆ သန်း) အထိ ရှိကြောင်း ဝန်ကြီးဌာနက ပြောသည်။
အဆိုပါ ရာဇဝတ်မှုကို ယမန်နှစ် ဇွန်လက ဗီယက်နမ် အာဏာပိုင်များနှင့် နှစ်နိုင်ငံဆွေးနွေးပွဲတွင် ပထမဆုံး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး Naver Webtoon နှင့် ပူးပေါင်းကာ သက်သေအထောက်အထားများ ရရှိပြီးနောက် စက်တင်ဘာလတွင် သံသယရှိသူများကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်လတွင် ဗီယက်နမ် အာဏာပိုင်များက အွန်လိုင်းပင်လယ်လူခိုးမှု (piracy) စွပ်စွဲချက်ဖြင့် လင်မယားကို ခေါ်ယူမေးမြန်းခဲ့ပြီး ဝက်ဘ်ဆိုက်များ၏ ဆာဗာများကို သိမ်းယူပိတ်သိမ်းခဲ့ရာ အဆိုပါ ဝက်ဘ်ဆိုက်များ လုပ်ငန်းရပ်တန့်သွားခဲ့သည်။ စုံစမ်းစစ်ဆေးမှု ပြီးဆုံးပါက တရားစွဲဆိုမှုများ ဆက်လက် လိုက်ပါမည်ဟု ခန့်မှန်းရသည်။
ဆိုးလ်ရှိ ဝန်ကြီးဌာနကလည်း သံသယရှိသူများကို ပြန်လည်လွှဲပြောင်းပေးရန် တောင်းခံနိုင်ခြေရှိမရှိနှင့် မတရားရရှိငွေများ ပြန်လည်ရယူနိုင်မနိုင်ကို စိစစ်မည်ဖြစ်ကြောင်း၊ ထိခိုက်နစ်နာခဲ့သည့် လက်ရာများအတွက် ဗီယက်နမ်တွင် မူပိုင်ခွင့်ဆိုင်ရာ အသိအမှတ်ပြု လုပ်ငန်းစဉ်များကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။ ယဉ်ကျေးမှုဝန်ကြီး Chae Hwi-young က ဤအမှုသည် ကိုရီးယားအကြောင်းအရာများအပေါ် နိုင်ငံရပ်ခြား မူပိုင်ခွင့်ချိုးဖောက်မှုများကို တိုက်ဖျက်ရာတွင် အစိုးရ၊ ပုဂ္ဂလိကနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၏ “အရေးပါသော နမူနာ” တစ်ခုဖြစ်ကြောင်း ပြောဆိုပြီး တရားမဝင် ဖြန့်ချိမှုကို တိုက်ဖျက်ရန်နှင့် ကိုရီးယား ယဉ်ကျေးမှုအကြောင်းအရာများ ကမ္ဘာတစ်ဝန်းတွင် သင့်တင့်ထိုက်တန်စွာ တန်ဖိုးထားခံရစေရန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေရန် ကြိုးပမ်းသွားမည်ဟု ဆိုသည်။