ကျန်းမာရေးစစ်ဆေးမှုအပြီး “ကျန်းမာရေးအခြေအနေ အပြည့်အဝကောင်းမွန်” ဟု ထရမ့် ပြော

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က အင်္ဂါနေ့တွင် Walter Reed National Military Medical Center ၌ ပြုလုပ်ခဲ့သည့် ကျန်းမာရေးစစ်ဆေးမှုအပြီး “အားလုံး အပြည့်အဝ ကောင်းမွန်ခဲ့သည်” ဟု ပြောကြားခဲ့သည်။ သို့သော် လည်ပင်းအရေပြားအဖုအပိန့်၊ ယခင်က ခြေထောက်ဖောရောင်မှုနှင့် လက်အပြောက်အပွတ်များကြောင့် ၎င်း၏ ကျန်းမာရေးအခြေအနေအပေါ် မေးခွန်းများ ဆက်လက်ထွက်ပေါ်နေဆဲဖြစ်သည်။
Reuters သတင်းအရ ဝါရှင်တန်မြို့ရှိ Walter Reed National Military Medical Center တွင် ပြုလုပ်သည့် ယင်းစစ်ဆေးမှုမှာ ၆ လတစ်ကြိမ် ပုံမှန်စစ်ဆေးမှုဖြစ်ပြီး ထရမ့်က Truth Social ပေါ်တွင် အသေးစိတ်မဖော်ပြဘဲ အတိုချုံးသာ ရေးသားခဲ့သည်။ လာမည့်လတွင် အသက် ၈၀ ပြည့်မည့် ထရမ့်သည် ယခုနှစ် ဇန်နဝါရီ ၂၀၂၅ တွင် ဒုတိယအကြိမ် သမ္မတတာဝန် စတင်ထမ်းဆောင်ချိန်က သမ္မတရာထူးကို စတင်ရယူသူများအနက် အသက်အကြီးဆုံး ဖြစ်လာခဲ့သည်။ ယင်းသည် Walter Reed သို့ ၁၃ လအတွင်း သုံးကြိမ်မြောက် သွားရောက်စစ်ဆေးခြင်းလည်း ဖြစ်သည်။
ထရမ့်သည် ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်သာရှိကြောင်း လူသိရှင်ကြား လှောင်ပြောင်ပြောဆိုလေ့ရှိသော်လည်း ဂေါက်ကစားခြင်းကိုမူ တက်ကြွစွာ ဆက်လက်လုပ်ဆောင်နေသည်။ မကြာသေးမီက Oval Office တွင် ပြုလုပ်သည့် အခမ်းအနားတစ်ခုအတွင်း ကျန်းမာရေးဝန်ကြီး Robert F. Kennedy Jr. က သမ္မတအနေဖြင့် ဂေါက်ကစားတိုင်း ၉ မိုင် (၁၄.၅ ကီလိုမီတာ) လမ်းလျှောက်သည်ဟု ပြောရာ “ကားဂေါက်မသုံးတဲ့အခါပေါ့” ဟု ထရမ့်က ပြန်လည်ဖြေကြားခဲ့သည်။
White House ဆရာဝန် Sean Barbabella က ထရမ့်သည် လည်ပင်းအဖုအပိန့်အတွက် “ကြိုတင်ကာကွယ်ရေး အရေပြားလိမ်းဆေး” ကို အသုံးပြုနေကြောင်း ပြောဆိုခဲ့သော်လည်း ကုသနေသည့် အခြေအနေကို အသေးစိတ် ထုတ်ပြန်ခြင်း မရှိခဲ့ပေ။ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည့် ခြေထောက်နှင့် လက်ဓာတ်ပုံများအပြီးတွင် Barbabella က ၎င်းတို့သည် အန္တရာယ်မရှိသော အခြေအနေများဖြစ်ပြီး deep vein thrombosis သို့မဟုတ် arterial disease ၏ အထောက်အထား မတွေ့ရကြောင်း ဆိုခဲ့သည်။ White House ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt ကလည်း ခြေထောက်ဖောရောင်မှုမှာ ပုံမှန်ဖြစ်တတ်သည့် သွေးကြောဆိုင်ရာ အခြေအနေကြောင့်ဖြစ်ပြီး လက်အပြောက်အပွတ်မှာ လက်ဆွဲနှုတ်ဆက်မှုများစွာကြောင့် ဖြစ်သည်ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
ထရမ့်က ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် MRI စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း ပြောခဲ့ပြီး White House က အစပိုင်းတွင် အကြောင်းရင်းကို မဖော်ပြခဲ့သော်လည်း Leavitt က ထိုစစ်ဆေးမှုရလဒ်သည် ထရမ့်၏ “ကျန်းမာရေး အလွန်ကောင်းမွန်ကြောင်း” ပြသသည်ဟုသာ ဆိုခဲ့သည်။ ထရမ့်က နောက်ပိုင်းတွင် ယင်း MRI သည် ဒုတိယအကြိမ် ကျန်းမာရေးစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သတင်းထောက်များကို ပြောဆိုခဲ့သည်။ “MRI ရိုက်တာက ပုံမှန်ပါပဲ။ မရိုက်သင့်ဘူးလို့ ထင်လား။ တခြားသူတွေလည်း ရိုက်ကြတာပဲ။ … MRI ရိုက်ခဲ့တယ်။ ဆရာဝန်က သူ့ဘဝမှာ တွေ့ဖူးသမျှ အကောင်းဆုံး ရလဒ်လို့ ပြောခဲ့တယ်” ဟု ထရမ့်က ဆိုသည်။
ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများကတော့ MRI သည် ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတွင် အများအားဖြင့် မပါဝင်ဘဲ ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်စစ်ဆေးရန် လိုအပ်သည့်အခါမျိုးတွင်သာ ညွှန်ကြားလေ့ရှိကြောင်း ထောက်ပြခဲ့သည်။ ဒုတိယအကြိမ်စစ်ဆေးပြီးနောက် Barbabella ကလည်း ECG မှတစ်ဆင့် တိုင်းတာသည့် နှလုံးသွေးကြောကျန်းမာရေးညွှန်းကိန်းအရ ထရမ့်၏ “cardiac age” သည် ၎င်း၏ အသက်အမှန်ထက် ခန့်မှန်းခြေ ၁၄ နှစ်ငယ်ကြောင်း မှတ်တမ်းတင်ခဲ့သည်။
အခြားတစ်ဖက်တွင် ထရမ့်သည် ကက်ဘီနက်အစည်းအဝေးအပါအဝင် အစည်းအဝေးအချို့တွင် မျက်လုံးပိတ်ပြီး အိပ်ငိုက်နေသကဲ့သို့ မြင်တွေ့ရသည့်အတွက်လည်း မေးခွန်းထွက်ပေါ်ခဲ့သည်။ “တချို့က မျက်လုံးပိတ်ထားတာလို့ ပြောကြတယ်။ အဲဒီအချိန်က မျှော်မှန်းမထားလောက်အောင် ငြီးငွေ့စရာ ကောင်းနေတယ်” ဟု ထရမ့်က ဖေဖော်ဝါရီလတွင် ရယ်မောနေကြသည့် အရာရှိများကို ပြောခဲ့သည်။ “ကျွန်တော် မအိပ်ပါဘူး။ ဒီကနေ အမြန်ဆုံး ထွက်ချင်လို့ မျက်လုံးပိတ်ထားတာပါ” ဟုလည်း ဆိုခဲ့သည်။ ယခင်သမ္မတ ဂျိုးဘိုင်ဒင်ကိုတော့ ပြီးခဲ့သည့်နှစ်က အရိုးများအထိ ပြန့်နှံ့သွားသည့် “ပြင်းထန်သည့်” prostate cancer ရောဂါဖြစ်ပြီး ရေဒီယေးရှင်းကုသမှု ခံယူခဲ့သည်။