အီရန်သဘောတူညီချက်အပြီး ရေနံနှင့်ဓာတ်ငွေ့ဈေးနှုန်းများ၊ ထောက်ပံ့ရေးအခြေအနေ ပြန်လည်တည်ငြိမ်ရန် လအနည်းငယ်ကြာနိုင်ဟု သုံးသပ်

အီရန်စစ်ပွဲ အဆုံးသတ်ပြီး ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရန် သဘောတူညီမှု ရရှိထားသော်လည်း ကမ္ဘာ့ရေနံနှင့် ဓာတ်ဆီဈေးနှုန်း မြင့်တက်မှု၊ စွမ်းအင်ထောက်ပံ့ရေး အခက်အခဲများမှာ ချက်ချင်း ပြေလည်မည်မဟုတ်ကြောင်း စွမ်းအင်ကျွမ်းကျင်သူများက သုံးသပ်ထားသည်။ ကမ္ဘာ့ဝယ်လိုအားကို ပြန်လည်ဖြည့်ဆည်းနိုင်သည့် အဆင့်အထိ ရေနံကုမ္ပဏီများ ပြန်လည်လည်ပတ်လာရန် လအနည်းငယ် ကြာနိုင်ကြောင်း ၎င်းတို့က ဆိုသည်။
နယူးယောက်တွင် ဖော်ပြသည့် အဆိုပါ သတင်းအရ ရေနံစိမ်းတင်သင်္ဘောများသည် ပါရှင်းပင်လယ်ကွေ့အတွင်း ၃ လကျော်ကြာ ပိတ်မိနေပြီး စစ်ပွဲမဖြစ်မီက ကမ္ဘာ့ရေနံနှင့် ဓာတ်ဆီထောက်ပံ့မှု၏ လေးပုံတစ်ပုံခန့် ဖြတ်သန်းရာ လမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို လုံခြုံရေးအခြေအနေ မတည်ငြိမ်သဖြင့် ဖြတ်သန်းနိုင်ခြင်း မရှိခဲ့ကြောင်း ဖော်ပြထားသည်။ S&P Global Energy ၏ fuels and refining research ဌာန ကမ္ဘာလုံးဆိုင်ရာ အကြီးအကဲ Daniel Evans က သယ်ယူပို့ဆောင်ရေးအတွက် အာမခံစနစ်များ ပြန်လည်တည်ဆောက်ရန်နှင့် ရပ်ဆိုင်းထားသည့် စက်ရုံများကို ပြန်လည်စတင်ရန် လူအင်အားများ လုပ်ငန်းခွင်အတွင်း ပြန်လည်ဝင်ရောက်လာရေးအထိ အချိန်လိုမည်ဟု ဆိုသည်။
၎င်း၏အဆိုအရ ပထမဦးစွာ ပိတ်မိနေသည့် သင်္ဘောများ ရေလက်ကြားမှ ထွက်ခွာရမည်ဖြစ်ပြီး၊ ထို့နောက် ရေနံစိမ်းတင်ရန် သင်္ဘောအသစ်များ ထပ်မံဝင်ရောက်ရမည်ဖြစ်သည်။ ရေနံတင်သင်္ဘောများသည် လည်ပတ်နှေးကွေးသဖြင့် ရေလက်ကြားမှ ဝေးကွာသည့် နိုင်ငံများထံ ရောက်ရှိရန်၊ ရေနံစိမ်းကို ပြုပြင်သန့်စင်ရေးစက်ရုံသို့ ပို့ဆောင်ရန်နှင့် နောက်ဆုံးဈေးကွက်သို့ ရောက်ရှိရန် လအတန်ကြာနိုင်ကြောင်းလည်း ရှင်းပြထားသည်။ ထို့ပြင် အရှေ့အလယ်ပိုင်းရှိ အချို့ထုတ်လုပ်သူများသည် သိုလှောင်နေရာ ပြည့်သွားသဖြင့် ရေနံထုတ်ယူမှုကို ယာယီရပ်ဆိုင်းထားခဲ့ရာ ထိုလုပ်ငန်းများကို ပြန်လည်စတင်ရန်လည်း အရှိန်နှေးနိုင်ကြောင်း ဆိုသည်။
Wood Mackenzie ၏ refining, chemicals and oil markets ဆိုင်ရာ အကြီးတန်းဒုတိယဥက္ကဋ္ဌ Alan Gelder က ဟော်မုဇ်ရေလက်ကြားအပြင် အခြားပိုက်လိုင်း သို့မဟုတ် လမ်းကြောင်းများ ရှိသည့် ဆော်ဒီအာရေးဗျနှင့် ယူအေအီးတို့တွင် ထုတ်လုပ်မှု ပြန်လည်စတင်ရန် အလွယ်ကူဆုံးနိုင်ငံများထဲ ပါဝင်နိုင်ကြောင်း ပြောကြားခဲ့သည်။ သို့သော် အီရတ်ကဲ့သို့ နိုင်ငံများတွင် ထုတ်လုပ်မှု ရပ်ဆိုင်းထားရမှု ပိုမိုကြီးမားခဲ့ပြီး လုပ်ကွက်များလည်း ပိုမိုခက်ခဲသဖြင့် လုပ်ငန်းအခြေအနေ ပုံမှန်ပြန်လည်ရောက်ရှိရန် တစ်နှစ်ခန့် ကြာနိုင်ကြောင်း ၎င်းက သုံးသပ်သည်။ ဟော်မုဇ်ရေလက်ကြား ပိတ်သွားပြီးနောက် စွမ်းအင်ကဏ္ဍအတွင်း သန်းနှင့်ချီသော ရင်းနှီးမြှုပ်နှံမှုများလည်း ရပ်တန့်သွားခဲ့ရာ ထိုအရင်းအနှီးများ ပြန်လည်လှုပ်ရှားလာရန်လည်း အချိန်ယူရမည်ဟု ဆိုသည်။
ကော်လံဘီယာတက္ကသိုလ်မှ Center on Global Energy Policy ၏ senior fellow Daniel Sternoff ကလည်း ရေနံထုတ်လုပ်မှု ရပ်ဆိုင်းထားသည့် နိုင်ငံများသည် ရေလက်ကြားအခြေအနေ တည်ငြိမ်ပြီး ရေရှည်တည်တံ့နိုင်မည်ကို သေချာမသိသေးသရွေ့ ထုတ်လုပ်မှု ပြန်လည်စတင်ရန် နှောင့်နှေးနိုင်ကြောင်း သတိပေးသည်။ “open” ဟူသည့် အဓိပ္ပာယ်က မည်မျှအထိ လမ်းဖွင့်ပေးမည်ဆိုသည်နှင့် ပိတ်မိနေသည့် အရာများကို မည်မျှမြန်မြန် ထုတ်ယူနိုင်မည်ဆိုသည့် အချက်များကို မသိနိုင်သေးကြောင်း ၎င်းက ပြောကြားထားသည်။