“အီရန်က ကမ္ဘာ့ဖလားတွင် ပါဝင်မည်” ဟု FIFA ဥက္ကဋ္ဌ အင်ဖန်တီနို ပြော

FIFA ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုက အီရန်အသင်းသည် ကမ္ဘာ့ဖလားတွင် သေချာပေါက် ပါဝင်မည်ဖြစ်ပြီး စီစဉ်ထားသည့်အတိုင်း အမေရိကန်နိုင်ငံ၌ အုပ်စုအဆင့် ပွဲစဉ်များကို ကျင်းပမည်ဟု ပြောကြားခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ရေးတင်းမာမှုများကြောင့် အီရန်၏ ပါဝင်ခွင့်အပေါ် မေးခွန်းထုတ်နေချိန်တွင် ထိုသို့ ပြောဆိုလာခြင်း ဖြစ်သည်။
တူရကီနိုင်ငံ အန်တာလျာမြို့တွင် အင်္ဂါနေ့က ကော့စတာရီကာနှင့် ခြေစမ်းပွဲ၌ အီရန်က ၅-၀ ဖြင့် အနိုင်ရနေစဉ် AFP သတင်းဌာနသို့ အင်ဖန်တီနိုက “အီရန်က ကမ္ဘာ့ဖလားမှာ ပါမယ်” ဟု ပြောသည်။ “သူတို့ရဲ့ ပွဲတွေကို မဲနှိုက်တမ်းစဉ်အရ သတ်မှတ်ထားတဲ့ နေရာမှာပဲ ကစားမှာပါ” ဟုလည်း ၎င်းက အတည်ပြုခဲ့သည်။ ကမ္ဘာ့ဖလားကို အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါတို့ ပူးတွဲ လက်ခံကျင်းပမည်ဖြစ်ပြီး ဇွန် ၁၁ ရက်တွင် စတင်မည်ဖြစ်သည်။ အီရန်သည် ဇွန် ၁၅ ရက်တွင် လော့စ်အိန်ဂျလိစ်၌ နယူးဇီလန်နှင့် အုပ်စု G အဖွင့်ပွဲစဉ်ကို ကစားရန် စီစဉ်ထားပြီး၊ ဇွန် ၂၁ ရက်တွင်လည်း လော့စ်အိန်ဂျလိစ်၌ ဘယ်လ်ဂျီယံနှင့် ဆက်လက် ယှဉ်ပြိုင်မည်ဖြစ်သည်။ ထို့အပြင် ဇွန် ၂၇ ရက်တွင် စီယာတယ်မြို့၌ အီဂျစ်နှင့် တွေ့ဆုံမည်ဖြစ်သည်။
ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့သည့် အမေရိကန်နှင့် အစ္စရေးတို့နှင့် စစ်ရေးပဋိပက္ခကြောင့် အီရန်အသင်း၏ ပါဝင်ခွင့်အပေါ် စိုးရိမ်မှုများ ထွက်ပေါ်ခဲ့သည်။ သို့သော် အီရန်ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ မဟဒီ မိုဟာမဒ်နာဘီက “ကျွန်တော်တို့အတွက် အရေးအကြီးဆုံးက FIFA စည်းမျဉ်းစည်းကမ်းတွေပါ။ FIFA ဆုံးဖြတ်သလို လိုက်နာမယ်” ဟု AFP သို့ ပြောသည်။ အီရန်ဘောလုံးအဖွဲ့ချုပ်ကလည်း ယခုလအတွင်း အမေရိကန်မှ မက္ကဆီကိုသို့ ၎င်းတို့၏ ကမ္ဘာ့ဖလား အုပ်စုအဆင့်ပွဲစဉ်များကို ပြောင်းရွှေ့နိုင်ရေး FIFA နှင့် ဆွေးနွေးနေကြောင်း ပြောထားသည်။ မက္ကဆီကိုသမ္မတ ကလောဒီယာ ရှိန်ဘောင်မ်ကလည်း လိုအပ်ပါက အီရန်၏ ပထမအဆင့်ပွဲများကို လက်ခံကျင်းပရန် မက္ကဆီကိုဘက်က အသင့်ရှိကြောင်း ပြောဆိုထားသည်။
အစောပိုင်းတွင် အင်ဖန်တီနိုက အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ပ်သည် အီရန်အသင်းအနေဖြင့် လာရောက်ယှဉ်ပြိုင်ခြင်းကို လက်ခံမည်ဟု အာမခံချက်ပေးခဲ့ကြောင်း ဆိုခဲ့သည်။ သို့သော် ထရန့်ပ်ကိုယ်တိုင်ကမူ အီရန်အသင်းအနေဖြင့် “သူတို့ရဲ့ အသက်အန္တရာယ်နှင့် လုံခြုံရေးအတွက်” ပြိုင်ပွဲကို မလာသင့်ကြောင်း ပြောကြားခဲ့ပြီး၊ အီရန်ဘက်ကလည်း “အီရန်အမျိုးသားအသင်းကို ကမ္ဘာ့ဖလားမှ မည်သူမျှ ဖယ်ရှားလို့မရ” ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။ အင်္ဂါနေ့တွင် မိုဟာမဒ်နာဘီက အင်ဖန်တီနိုသည် မက္ကဆီကိုမှ ကာတာသို့ သွားနေစဉ် အီရန်အသင်းက တူရကီတွင် ခြေစမ်းပွဲများ ကစားနေကြောင်း သိရှိပြီး ကိုယ်တိုင် လာရောက်တွေ့ဆုံခဲ့ကြောင်း ပြောသည်။ “အကြောင်းအရာအားလုံးကို အကောင်းဘက်က ဆွေးနွေးနိုင်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။
တူရကီနိုင်ငံ ဘေလက်ခ်မြို့တွင် သောကြာနေ့က နိုင်ဂျီးရီးယားနှင့် ခြေစမ်းပွဲ ကစားပြီးနောက် အင်္ဂါနေ့တွင် အီရန်က ကော့စတာရီကာကို ၅-၀ ဖြင့် အပြတ်အသတ် အနိုင်ယူခဲ့သည်။ အသင်းခေါင်းဆောင် မဟဒီ တာရီမီက ပင်နယ်တီ ၂ လုံးအပါအဝင် သွင်းဂိုး ၂ ဂိုး ရယူခဲ့ပြီး Ali Gholizadeh နှင့် Mohammad Mohebbi တို့ကလည်း သွင်းဂိုးများ ထပ်မံသွင်းယူကာ ပထမပိုင်း မပြီးမီကတည်းက ၄-၀ ဖြင့် ဦးဆောင်ခဲ့သည်။ ဒုတိယပိုင်းတွင် အစားထိုးဝင်လာသည့် Mehdi Ghayedi က ၅၁ မိနစ်တွင် ပဉ္စမဂိုးကို သွင်းယူခဲ့ပြီး နည်းပြ Amir Ghalenoei ကလည်း ထိုအချိန်တွင် လူစားလဲမှုများ စတင်လုပ်ဆောင်ခဲ့သည်။
ပွဲမစမီ အီရန်ကစားသမားများသည် အနက်ရောင် လက်ပတ်များ ဝတ်ဆင်ခဲ့ပြီး စစ်ပွဲတွင် သေဆုံးခဲ့သူများအဖြစ် တာဝန်ရှိသူများက ဆိုသည့် လူငယ်များ၏ ဓာတ်ပုံများကို ကိုင်ဆောင်၍ အမှတ်တရ ရိုက်ကူးခဲ့သည်။ ထိုသူများတွင် စစ်ပွဲအစနေ့ ဖေဖော်ဝါရီ ၂၈ ရက်က အီရန်တောင်ပိုင်း မီနာဘ်မြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများလည်း ပါဝင်ကြောင်း ဆိုသည်။ ထိုတိုက်ခိုက်မှုတွင် လူ ၁၇၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ကျောင်းသားများနှင့် ဆရာများလည်း ပါဝင်သည်ဟု ဖော်ပြထားသည်။ နယူးယောက်တိုင်းမ် သတင်းအရ အမေရိကန်စစ်တပ်၏ အစောပိုင်း စုံစမ်းတွေ့ရှိချက်များအရ ထိုကျောင်းကို Tomahawk ခရုစ်မစ်ဆိုင် တစ်စင်း မတော်တဆ ပစ်မှတ်မှားယွင်းမှုကြောင့် ထိမှန်ခဲ့သည်ဟု ဆိုထားသည်။