My

အင်ဂျင်ချို့ယွင်းမှုကြောင့် Miron ရဟတ်ယာဉ်များ ပျံသန်းမှုကို တောင်ကိုရီးယားစစ်တပ် ရပ်ဆိုင်း

Policies

အင်ဂျင်ချို့ယွင်းမှုကြောင့် Miron ရဟတ်ယာဉ်များ ပျံသန်းမှုကို တောင်ကိုရီးယားစစ်တပ် ရပ်ဆိုင်း

2026.06.13Zaymy Official20

တောင်ကိုရီးယားစစ်တပ်သည် ပြည်တွင်းထုတ် LAH-1 Miron ရဟတ်ယာဉ်များ၏ အင်ဂျင်တွင် ချို့ယွင်းချက်တွေ့ရှိခဲ့ပြီးနောက် ၎င်းတို့၏ ပျံသန်းမှုကို ရပ်ဆိုင်းလိုက်ကြောင်း စနေနေ့တွင် လွှတ်တော်အမတ်တစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါပြဿနာကြောင့် စုစုပေါင်း 57 စီးအနက် 47 စီးတွင် သံချေးတက်ခြင်းကို တွေ့ရှိခဲ့ပြီး 38 စီးတွင် အက်ကြောင်းများလည်း တွေ့ခဲ့ကြောင်း သိရသည်။

အတိုက်အခံ People Power Party (PPP) မှ လွှတ်တော်အမတ် Kang Sun-young ၏ ပြောကြားချက်အရ စစ်လက်နက်ဝယ်ယူရေးအေဂျင်စီသည် ဧပြီလအတွင်း Hanwha Aerospace က တပ်ဆင်ပေးထားသည့် Miron ရဟတ်ယာဉ် 57 စီးအနက် 47 စီး၏ အင်ဂျင်တွင် သံချေးတက်ခြင်းကို တွေ့ရှိပြီးနောက် လည်ပတ်အသုံးပြုမှုကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အက်ကြောင်းများမှာလည်း သံချေးတက်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း လွှတ်တော်အမတ်က ထပ်လောင်းပြောဆိုသည်။

အဆိုပါ စစ်ရဟတ်ယာဉ်များတွင် အသုံးပြုသည့် အင်ဂျင်များကို ပြင်သစ်လေကြောင်းနည်းပညာကုမ္ပဏီ Safran S.A. က မူလတီထွင်ထုတ်လုပ်ထားခြင်းဖြစ်ပြီး Hanwha သည် ပြည်တွင်းထုတ်လုပ်သူနှင့် စစ်တပ်အတွက် ပံ့ပိုးသူဖြစ်သည်။ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ချို့ယွင်းချက်သည် အင်ဂျင်အတွင်း လေစီးကြောင်းကို တည်ငြိမ်စေသည့် diffuser အစိတ်အပိုင်းတွင် ဖြစ်ပေါ်ခဲ့ပြီး တပ်ဆင်ရေးလုပ်ငန်းစဉ်အတွင်း ဖြစ်နိုင်ကြောင်း ဆိုသည်။

LAH-1 Miron ရဟတ်ယာဉ်များကို အသက်အိုမင်းလာပြီဖြစ်သည့် 500MD နှင့် AH-1S Cobra တစ်အင်ဂျင် တိုက်ခိုက်ရေးရဟတ်ယာဉ်များအစားထိုးရန် စစ်တပ်တွင် ထည့်သွင်းအသုံးပြုခဲ့ခြင်းဖြစ်ပြီး 2031 ခုနှစ်တွင် Miron ရဟတ်ယာဉ် 160 စီးခန့်ကို တာဝန်ထမ်းဆောင်နိုင်ရန် စီစဉ်ထားသည်။ အဆိုပါဖြစ်စဉ်အပြီးတွင် စစ်လက်နက်ဝယ်ယူရေးအေဂျင်စီက အရည်အသွေးစီမံခန့်ခွဲမှုစနစ်များကို ပြန်လည်စိစစ်ပြီး တိုးတက်အောင် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်