ဟောင်ကောင်တွင် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး တိုက်ခန်းမီးလောင်မှုနှင့် ပတ်သက်၍ စွဲချက်တင်

ဟောင်ကောင်အစိုးရသည် ၂၀၂၅ ခုနှစ်တွင် လူ ၁၆၈ ဦး သေဆုံးခဲ့သည့် ဝမ်ဖုခ်တ် (Wang Fuk Court) အိမ်ရာမီးလောင်မှုနှင့် ပတ်သက်၍ လူအချို့နှင့် ကုမ္ပဏီအချို့ကို လူသတ်မှုဆိုင်ရာ စွဲချက်များဖြင့် အင်္ဂါနေ့တွင် တရားစွဲဆိုလိုက်သည်။ အဆိုပါမီးလောင်မှုမှာ ဆယ်စုနှစ်များအတွင်း ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး လူနေအဆောက်အအုံ မီးလောင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ဟောင်ကောင် နယူးတယ်ရီတိုရီစ် (New Territories) ဒေသ၊ တိုင်ပေါ (Tai Po) ခရိုင်ရှိ ဝမ်ဖုခ်တ် အိမ်ရာတွင် နိုဝင်ဘာ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်က မီးစတင်လောင်ကျွမ်းခဲ့ပြီး အဆောက်အအုံ ၈ လုံးအနက် ၇ လုံး မီးလောင်ပျက်စီးခဲ့သည်။ AFP က တွေ့ရှိရသည့် စွဲချက်စာရွက်များအရ မီးလောင်မှုဖြစ်ပွားချိန်တွင် အိမ်ရာပြုပြင်ရေးလုပ်ငန်း၌ ပါဝင်နေသည့် ဆောက်လုပ်ရေးကန်ထရိုက်တာကုမ္ပဏီနှင့် အကြံပေးကုမ္ပဏီတို့၏ ဒါရိုက်တာများ၊ စစ်ဆေးရေးအရာရှိတစ်ဦးတို့ကို ၎င်းတို့၏ကုမ္ပဏီများနှင့်အတူ လူသတ်မှုဖြင့် စွဲချက်တင်ထားပြီး စုစုပေါင်း လူ ၇ ဦးကို ငွေဖြူလုပ်ခြင်းနှင့် အခွန်ရှောင်တိမ်းမှုတို့ဖြင့်လည်း တရားစွဲဆိုထားသည်။
အင်္ဂါနေ့က တရားရုံးကြားနာမှုတွင် စွဲချက်ခံရသူများက စွဲချက်များကို “နားလည်ကြောင်း” တရားသူကြီးထံ ပြောကြားခဲ့သည်။ ကြားနာမှုတွင် လူသတ်မှုစွဲချက်ခံရသူများသည် နိုဝင်ဘာလအတွင်း အဆောက်အအုံများအတွင်း နေထိုင်သူ ၁၆၈ ဦးကို “ဥပဒေနှင့်မညီဘဲ” သေဆုံးစေခဲ့ကြောင်း ဖော်ပြထားပြီး သေဆုံးသူများတွင် နေထိုင်သူများနှင့် မီးသတ်သမားတစ်ဦးလည်း ပါဝင်သည်။ အမှုကို ယခုနှစ် စက်တင်ဘာလအထိ ရွှေ့ဆိုင်းထားသည်။
ဟောင်ကောင်ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် မီးလောင်မှုနှင့် ဆက်စပ်၍ လူ ၃၅ ဦးကို ဖမ်းဆီးထားပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ ICAC နှင့် ပူးပေါင်းစုံစမ်းနေကြောင်း ပြောကြားသည်။ ICAC ၏ အဓိက စုံစမ်းရေးမှူး Hazel Law က “ဤဝမ်းနည်းဖွယ်ဖြစ်ရပ်သည် ကိုယ်ကျိုးစီးပွားကိုသာ ရှေ့တန်းတင်ပြီး နေထိုင်သူများ၏ အသက်အန္တရာယ်နှင့် ပိုင်ဆိုင်မှုလုံခြုံရေးကို လုံးဝဂရုမစိုက်ဘဲ လုပ်ဆောင်ခဲ့သူများကြောင့် ဖြစ်ပွားခဲ့သည်ဟု သံသယရှိသည်” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးမှုများအရ အရည်အသွေးမပြည့်မီသော ဆောက်လုပ်ရေးလုံခြုံရေးကွန်ရက်များနှင့် စီးကရက်အညစ်အကြေးများသည် မီးစတင်ပျံ့နှံ့စေသည့် အဓိကအကြောင်းရင်းများအဖြစ် ထောက်ပြခံထားရသည်။ ထို့ပြင် အဆောက်အအုံ ၈ လုံးအနက် ၇ လုံး၏ မီးအချက်ပေးစနစ်များကို ပိတ်ထားခဲ့သဖြင့် နေထိုင်သူများ ထွက်ပြေးနိုင်သည့် အချိန်ကို အလွန်တိုစေခဲ့ကြောင်း စုံစမ်းမှုကို ဦးဆောင်သည့် သတင်းပေးအကြံပေး Victor Dawes က ပြောကြားခဲ့သည်။ လိုအပ်သည့် မီးကာကွယ်ရေးကွန်ရက်များကို နေရာအများအပြားတွင် အသုံးမပြုခဲ့သကဲ့သို့ ပြတင်းပေါက်များကိုလည်း foam board များဖြင့် ဖုံးအုပ်ထားခဲ့ရာ မီးလျှံများ အခန်းတွင်းသို့ ပိုမိုလျင်မြန်စွာ ပျံ့နှံ့သွားစေနိုင်ကြောင်း ယခုနှစ်အစောပိုင်း ကြားနာမှုတွင် ထုတ်ဖော်ခဲ့သည်။
မီးစုံစမ်းရေးအဖွဲ့ကတော့ မီးလောင်လွယ်သည့် ပစ္စည်းများကို စီးကရက်မီးက မီးလောင်စေခဲ့ပြီး ထိုမှတစ်ဆင့် မီးလောင်မှု စတင်ခဲ့သည်ဟု ယူဆထားသည်။ မီးလောင်မှုကြောင့် ထောင်နှင့်ချီသည့် နေထိုင်သူများ အိမ်ရာဆုံးရှုံးခဲ့ပြီး ယာယီနေအိမ်များသို့ ပြောင်းရွှေ့နေထိုင်နေရသည်။