ဝင်ငွေနည်း လူမျိုးစုပေါင်းစုံ မိသားစုများမှ လူငယ်များအတွက် ပညာရေးထောက်ပံ့ကြေး တိုးချဲ့မည်

တောင်ကိုရီးယားအစိုးရသည် ဝင်ငွေနည်း လူမျိုးစုပေါင်းစုံ မိသားစုများမှ အသက် ၇ နှစ်မှ ၁၈ နှစ်အရွယ် ကလေးများအတွက် ပညာရေးထောက်ပံ့ကြေးကို ယခုလမှစတင်၍ တိုးချဲ့ပေးသွားမည်ဖြစ်ကြောင်း အမျိုးသမီးတန်းတူရေးနှင့် မိသားစုရေးရာဝန်ကြီးဌာနက ဇွန် ၇ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါအစီအစဉ်သည် ပညာရေးအခွင့်အလမ်းများကို တိုးချဲ့ရန်၊ သင်ယူမှုကွာဟချက်ကို လျှော့ချရန်နှင့် လူမျိုးစုပေါင်းစုံ လူငယ်များ၏ အနာဂတ် အလုပ်အကိုင်ဖွံ့ဖြိုးရေးကို ပံ့ပိုးရန် ရည်ရွယ်ထားသည်။
ထောက်ပံ့ကြေးအဖြစ် မူလတန်းကျောင်းသားတစ်ဦးလျှင် တစ်နှစ် ၄၀၀,၀၀၀ ဝမ်၊ အလယ်တန်းကျောင်းသားတစ်ဦးလျှင် ၅၀၀,၀၀၀ ဝမ်နှင့် အထက်တန်းကျောင်းသားတစ်ဦးလျှင် ၆၀၀,၀00 ဝမ် စီ ပေးအပ်သွားမည်ဖြစ်သည်။ အရည်အချင်းစိစစ်ပြီးနောက် ထောက်ပံ့ငွေများကို သြဂုတ်လအတွင်း NH NongHyup ကတ်အမှတ်များအဖြစ် ထည့်သွင်းပေးမည်ဖြစ်ပြီး ယင်းငွေများကို သင်ကြားရေးပစ္စည်းများ၊ စာသင်ခန်းနှင့် စာဖတ်ခန်းအသုံးစရိတ်၊ အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် လက်မှတ်ရသင်တန်းအစီအစဉ်များအတွက် အသုံးပြုနိုင်သည်။ လျှောက်လွှာများကို ဇွန် ၃၀ ရက်အထိ လျှောက်ထားသူ နေထိုင်ရာဒေသရှိ မိသားစုစင်တာများနှင့် လူမျိုးစုပေါင်းစုံ မိသားစု ပံ့ပိုးရေးစင်တာများတွင် လက်ခံမည်ဖြစ်သည်။
လျှောက်ထားရာတွင် လျှောက်လွှာပုံစံနှင့်အတူ မှတ်ပုံတင်အထောက်အထား၊ မိသားစုဆက်နွယ်မှုလက်မှတ်၊ နေအိမ်မှတ်ပုံတင်စာရင်းနှင့် ကျန်းမာရေးအာမခံ ပေးဆောင်မှုအထောက်အထားတို့ကို တင်ပြရမည်ဖြစ်သည်။ လျှောက်ထားသူဦးရေသည် ရရှိနိုင်သော ရန်ပုံငွေထက် များပြားပါက အိမ်ထောင်စုဝင်ငွေနှင့် အခြားအရည်အချင်းဆိုင်ရာ အချက်များအပေါ် အခြေခံ၍ ဦးစားပေးရွေးချယ်သွားမည်ဟု ဝန်ကြီးဌာနက ပြောကြားသည်။ အဆိုပါအစီအစဉ်က လူမျိုးစုပေါင်းစုံ မိသားစုများမှ ကလေးများ၏ ပညာရေးစွမ်းရည် ဖွံ့ဖြိုးလာစေပြီး အနာဂတ် အလုပ်အကိုင်လမ်းကြောင်းများကို ပိုမိုရှာဖွေနိုင်ရန် ကူညီမည်ဟုလည်း ဝန်ကြီးဌာနက မျှော်လင့်ထားသည်။
မိသားစုမူဝါဒဗျူရို ညွှန်ကြားရေးမှူး ဂင် ဂါ-ရိုက “လူမျိုးစုပေါင်းစုံ မိသားစုများနှင့် ရွှေ့ပြောင်းလာသူနောက်ခံရှိသူများ တိုးလာနေသလို လူမျိုးစုပေါင်းစုံ မိသားစုများမှ ကလေးများအတွက် စနစ်တကျ ပညာရေးပံ့ပိုးမှု ပေးရခြင်း၏ အရေးပါမှုလည်း ပိုမိုမြင့်တက်လာနေပါသည်” ဟု ပြောကြားခဲ့သည်။ ထို့ပြင် “ဤကလေးများကို ယုံကြည်ချက်ရှိပြီး တက်ကြွသော လူ့အဖွဲ့အစည်းဝင်များအဖြစ် ကြီးပြင်းလာစေရန် ရည်ရွယ်သည့် အလေ့အကျင့်နှင့်ကိုက်ညီသော ပံ့ပိုးရေးအစီအစဉ်များကို ဆက်လက်တိုးချဲ့သွားမည်” ဟုလည်း ၎င်းက ဆိုသည်။