လီဂျေမြောင် ပြင်သစ် ဧဗီယွန် G7 ထိပ်သီးအစည်းအဝေး တက်ရောက်မည်

တောင်ကိုရီးယားသမ္မတ လီဂျေမြောင်သည် ပြင်သစ်နိုင်ငံ ဧဗီယွန်-လေ-ဘိန်းမြို့တွင် ကျင်းပမည့် G7 ထိပ်သီးအစည်းအဝေးသို့ အင်္ဂါနေ့တွင် တက်ရောက်မည်ဖြစ်ပြီး ယူကရိန်းနှင့် အီရန်စစ်ပွဲများအပါအဝင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဆွေးနွေးသွားမည်ဖြစ်သည်။ ကိုရီးယားအနေဖြင့် G7 ထိပ်သီးအစည်းအဝေးသို့ နှစ်နှစ်ဆက်တိုက် ဖိတ်ကြားခံရခြင်းလည်း ဖြစ်သည်။
ပြင်သစ်ဘက်က G7 အဖွဲ့ဝင်မဟုတ်သည့် ဘရာဇီး၊ အီဂျစ်၊ အိန္ဒိယနှင့် ကင်ညာ အပါအဝင် နိုင်ငံများကိုလည်း ဖိတ်ကြားထားပြီး ယူကရိန်းနှင့် အီရန်စစ်ပွဲများ၊ ကမ္ဘာ့ဘဏ္ဍာရေး မတည်ငြိမ်မှုနှင့် ဉာဏ်ရည်တု (AI) နှင့် ဆက်စပ်နိုင်သည့် အန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းရန် ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများကို ဆွေးနွေးမည်ဖြစ်သည်။ လီဂျေမြောင်သည် အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များတွင် G7 ခေါင်းဆောင်များနှင့်အတူ အဆိုပါကိစ္စရပ်များကို ဆွေးနွေးရန် စီစဉ်ထားသည်။
တစ်ဖက်တွင်လည်း လီသမ္မတသည် အစည်းအဝေးတက်ရောက်သည့် အခြားခေါင်းဆောင်အချို့နှင့် သီးခြားထိပ်သီးဆွေးနွေးပွဲများ ကျင်းပနိုင်ဖွယ်ရှိသော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်နှင့် တွေ့ဆုံမည် မည်မည်ဖြစ်၊ မဖြစ် မသေချာသေးကြောင်း သမ္မတရုံးက ပြောကြားသည်။ သမ္မတရုံးအနေဖြင့် လီ-ထရမ့် တွေ့ဆုံနိုင်ခြေကို ပိတ်မထားသော်လည်း စီစဉ်မှုတွင် တိကျသည့် တိုးတက်မှု မရှိသေးကြောင်း အရာရှိတစ်ဦးက ပြောသည်။
G7 ထိပ်သီးအစည်းအဝေး၏ ပထမနေ့တွင် လီသမ္မတသည် “Forging new partnerships and rebuilding international Solidarity” ဟု အမည်ပေးထားသည့် တိုးချဲ့အစည်းအဝေး ပထမပိုင်းကို တက်ရောက်မည်ဖြစ်ကြောင်း သမ္မတရုံးက ထုတ်ပြန်ထားသည်။ အစည်းအဝေးတက်ရောက်မည့် ခေါင်းဆောင်များသည် နိုင်ငံတကာ ဖွံ့ဖြိုးရေးအကူအညီ စီးဆင်းမှု လျော့ကျလာမှုကို တုံ့ပြန်ရန် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးမည်ဖြစ်သည်။
လီသမ္မတအနေဖြင့် G7 အဖွဲ့ဝင်နိုင်ငံများအပါအဝင် ဖွံ့ဖြိုးရေးအလှူရှင်နိုင်ငံများနှင့် အကူအညီလက်ခံသည့် နိုင်ငံများအကြား ပူးပေါင်းဆက်ဆံရေး တည်ဆောက်ရန် လိုအပ်ကြောင်း အလေးပေး ပြောကြားမည်ဖြစ်ပြီး နိုင်ငံများအကြား AI ကွာဟချက် ကျယ်ပြန့်လာကာ စီးပွားရေးမညီမျှမှု တိုးပွားမသွားစေရန်လည်း ကြိုးပမ်းရန် လိုအပ်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ကန်ယူဂျောင်းက ပြောကြားသည်။