ရုရှားသို့ မြောက်ကိုရီးယားတပ်ဖွဲ့များ စေလွှတ်မှုကို မော်စကိုနှင့် သဘောတူစာချုပ် အကောင်အထည်ဖော်ရေး၏ «စံပြကိစ္စ» ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပြော

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုေဆောင်ဟွီက ရုရှားသို့ မြောက်ကိုရီးယားတပ်ဖွဲ့များ စေလွှတ်မှုကို မော်စကိုနှင့် ချုပ်ဆိုထားသည့် သဘောတူစာချုပ်ကို အကောင်အထည်ဖော်ရာတွင် “စံပြကိစ္စ” တစ်ရပ်အဖြစ် ဖော်ပြခဲ့ကြောင်း ရုရှားသတင်းတစ်ရပ်က မတ်လ ၃၁ ရက်တွင် ဖော်ပြသည်။ အဆိုပါမှတ်ချက်များကို ပြုံယမ်းမြို့၌ ရုရှား TASS သတင်းဌာန ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
TASS ၏ ဖော်ပြချက်အရ ချိုေဆောင်ဟွီသည် တနင်္လာနေ့တွင် TASS အမှုဆောင်ဒါရိုက်တာ Andrey Kondrashov နှင့် တွေ့ဆုံခဲ့ပြီး ရုရှားသတင်းဌာန ကိုယ်စားလှယ်အဖွဲ့သည် စနေနေ့ကတည်းက ပြုံယမ်းသို့ ရောက်ရှိနေခြင်းဖြစ်သည်။ အဆိုပါခရီးစဉ်အတွင်း မြောက်ကိုရီးယား၏ KCNA (ကိုရီးယားဗဟိုသတင်းအေဂျင်စီ) နှင့် မီဒီယာပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လည်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
“ခေါင်းဆောင် Kim Jong-un က ရုရှားနှင့် ချုပ်ဆိုထားသည့် Comprehensive Strategic Partnership Agreement (ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ်) ရှိ သတ်မှတ်ပုဒ်မတစ်ရပ်ကို အသုံးပြုပြီး ကျွန်ုပ်တို့၏ တပ်ဖွဲ့များကို Kursk ဒေသသို့ စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ ယင်းသည် ထိုသဘောတူစာချုပ်ကို အကောင်အထည်ဖော်ရာတွင် စံပြကိစ္စတစ်ရပ် ဖြစ်သည်” ဟု ချိုေဆောင်ဟွီက ပြောကြားခဲ့ကြောင်း TASS က ကိုးကားဖော်ပြသည်။
ထို့အပြင် သူမက TASS ၏ “သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးလုပ်ငန်းများ” သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးဆုံးသော အထောက်အကူတစ်ရပ် ဖြစ်လာမည်ဟုလည်း ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။
Kim Jong-un နှင့် ရုရှားသမ္မတ Vladimir Putin တို့သည် ၂၀၂၄ ခုနှစ် ဇွန်လတွင် မဟာဗျူဟာသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားက ရုရှား၏ ယူကရိန်းစစ်ပွဲကို ကူညီရန် တိုက်ခိုက်ရေးတပ်ဖွဲ့ အရေအတွက် ၁၅,၀၀၀ ခန့်ကို စေလွှတ်ထားကြောင်း သိရသည်။
အခြားတစ်ဖက်တွင် KCNA ကလည်း TASS ကိုယ်စားလှယ်အဖွဲ့သည် တနင်္လာနေ့တွင် မြောက်ကိုရီးယား လွှတ်တော် Supreme People’s Assembly ၏ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌသစ် Jo Yong-won နှင့် တွေ့ဆုံခဲ့ကြောင်း သီးခြားဖော်ပြသည်။ အဆိုပါတွေ့ဆုံမှုအတွင်း Jo Yong-won က မြောက်ကိုရီးယား-ရုရှား သဘောတူစာချုပ်၏ စိတ်ဓာတ်နှင့် တာဝန်ဝတ္တရားများကို သစ္စာရှိစွာ ဆက်လက်လိုက်နာမည်ဟု ကတိပြုခဲ့ကြောင်း TASS က ဆိုသည်။