ရီဘယ်လ်ဒင် ကောရီးယား ပါတီက အမျိုးသားလွှတ်တော်အတွင်းပါတီ ခေါင်းဆောင်သစ် ရွေးချယ်

ရီဘယ်လ်ဒင် ကောရီးယား ပါတီသည် အမျိုးသားလွှတ်တော်အမတ် ကင်ဂျွန်ဟျွန်းကို ပါတီ၏ အသစ်တင်မြှောက်ခံ လွှတ်တော်အတွင်းပါတီခေါင်းဆောင်အဖြစ် တညီတညွတ်တည်း ရွေးချယ်လိုက်ကြောင်း သိရသည်။ ၎င်းသည် ပါတီအတွင်းရှိ အမတ် ၁၂ ဦးလုံး၏ ထောက်ခံမှုကို ရရှိခဲ့သည်။
အင်္ဂါနေ့က ဆိုးလ်မြို့ အမျိုးသားလွှတ်တော်တွင် ကျင်းပသည့် ပါတီလွှတ်တော်အမတ်များ၏ အထွေထွေအစည်းအဝေး၌ ရွေးကောက်တင်မြှောက်ခဲ့ခြင်းဖြစ်ပြီး ကင်သည် ပါတီ၏ မူဝါဒဆိုင်ရာ အဓိကတာဝန်ခံလည်း ဖြစ်သည်။ ရွေးကောက်ပွဲတွင် ၎င်းတစ်ဦးတည်းသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ကင်ဂျွန်ဟျွန်းသည် မူလက မူးန်ဂျေ-အင်အစိုးရလက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ Korea National Diplomatic Academy ကို ဦးဆောင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲတွင် အချိုးကျမဲစနစ်ဖြင့် အမျိုးသားလွှတ်တော်အမတ်အဖြစ် ဝင်ရောက်နိုင်ခဲ့သူဖြစ်သည်။ လက်ရှိတွင် အမျိုးသားလွှတ်တော် နိုင်ငံခြားရေးနှင့် ပေါင်းစည်းရေးကော်မတီ၌လည်း အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
တစ်ဖက်တွင် ပါတီကို တည်ထောင်ကာ ဦးဆောင်ခဲ့သူဖြစ်သည့် ယခင်တရားရေးဝန်ကြီး ချိုကုတ်သည် ဇွန် ၃ ရက် ဒေသန္တရရွေးကောက်ပွဲများအပြီး ယခုလအတွင်း ရာထူးမှနှုတ်ထွက်ခဲ့သည်။ ထို့ကြောင့် ပါတီသည် နောက်လတွင် အမျိုးသားညီလာခံတစ်ရပ် ကျင်းပကာ ခေါင်းဆောင်သစ်ကို ရွေးချယ်မည်ဖြစ်သည်။
ချိုကုတ်သည် ဒေသန္တရရွေးကောက်ပွဲနှင့် တပြိုင်နက်ကျင်းပသည့် လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲတွင် ဂျီယောင်းဂီပြည်နယ် ပျောင်တက်-B မဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ပေ။ ထို့အပြင် ရီဘယ်လ်ဒင် ကောရီးယား ပါတီသည် ဒေသန္တရရွေးကောက်ပွဲများတွင် အရေးပါသည့် မြို့တော်ဝန်နှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးနေရာ ၁၆ နေရာတွင် တစ်နေရာမျှ မရရှိခဲ့သကဲ့သို့ လွှတ်တော်နေရာ ၁၄ နေရာအနက်လည်း မည်သည့်နေရာမျှ မအနိုင်ရခဲ့ကြောင်း သိရသည်။