ယူကရိန်းနှင့် အရှေ့အလယ်ပိုင်းအကျပ်အတည်း ဆွေးနွေးရန် G7 ထိပ်သီးအစည်းအဝေး စတင်၊ ဇယ်လန်စကီးလည်း ပြင်သစ်၌ ပါဝင်

ပြင်သစ်နိုင်ငံ အီဗျန်-လေ-ဘန်မြို့တွင် G7 ထိပ်သီးအစည်းအဝေး စတင်ကျင်းပနေပြီး ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနှင့် အရှေ့အလယ်ပိုင်း အကျပ်အတည်းတို့ကို အဓိကထား ဆွေးနွေးမည်ဖြစ်သည်။ ပုံမှန်အစီအစဉ်အရ တက်ရောက်လာသည့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးလည်း အစည်းအဝေးတွင် ပါဝင်နေသည်။
G7 ခေါင်းဆောင်များသည် ဇွန် ၁၆ ရက် အင်္ဂါနေ့တွင် အလုပ်အစည်းအဝေးများဖြင့် ထိပ်သီးအစည်းအဝေး၏ ပထမဆုံး ပြည့်စုံသည့်နေ့ကို စတင်ခဲ့ပြီး ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကို ရပ်တန့်ရေး၊ အရှေ့အလယ်ပိုင်း တည်ငြိမ်ရေးနှင့် ပင်လယ်ဒေသ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးနေကြသည်။ အိမ်ရှင်ဖြစ်သည့် ပြင်သစ်၏ ဖိတ်ကြားချက်အရ ဇယ်လန်စကီး တက်ရောက်လာခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က အီရန်နှင့် သုံးလခွဲကြာ ဖြစ်ပွားနေသည့် စစ်ပွဲ အဆုံးသတ်ရေး သဘောတူညီချက် ရရှိခဲ့ပြီဟု ကြေညာပြီးနောက် G7 အစည်းအဝေး စတင်ခြင်းဖြစ်သည်။ ထို့ပြင် ထရန့်က တနင်္ဂနွေနေ့တွင် ဇယ်လန်စကီးနှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့နှင့် သီးခြားစီ ကောင်းမွန်သည့် ဆက်သွယ်ပြောဆိုမှုများ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ “အခု ဒီကိစ္စ (အီရန်ကိစ္စ) ပြီးသွားပြီဆိုတော့ အဲဒီဘက်ကို အာရုံစိုက်မယ်” ဟုလည်း ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်နှင့် တနင်္လာနေ့တွင် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
မက်ခရွန်ကလည်း ထရန့်အား ယူကရိန်းအတွက် ဆက်လက်ထောက်ခံရပ်တည်ရန်နှင့် ရုရှားအပေါ် ဖိအားကို ပိုမိုတိုးမြှင့်ရန် တိုက်တွန်းမည်ဟု ဆိုသည်။ G7 အစည်းအဝေး စတင်ရန် နာရီအနည်းငယ်အလိုတွင် ရုရှားက ယူကရိန်း၏ အကြီးဆုံးမြို့များကို ဒရုန်းနှင့် ဒုံးကျည် ရာချီဖြင့် တိုက်ခိုက်ခဲ့ရာ လူ ၁၁ ဦး သေဆုံးပြီး ဘာသာရေးဆိုင်ရာ အထင်ကရနေရာတစ်ခုလည်း မီးလောင်ခဲ့သည်။
အင်္ဂါနေ့ ဆွေးနွေးပွဲများတွင် “အကျပ်အတည်းများကို အဆုံးသတ်ပြီး အရှေ့အလယ်ပိုင်း တည်ငြိမ်ရေးကို အာမခံရန်” ဟူသော ခေါင်းစဉ်ဖြင့် အလုပ်အစည်းအဝေးတစ်ရပ်လည်း ပါဝင်ပြီး အီဂျစ်၊ ကာတာနှင့် ယူအေအီး ခေါင်းဆောင်များလည်း ပူးပေါင်းဆွေးနွေးမည်ဖြစ်သည်။
ယူကရိန်းနှင့် ရုရှားကြား ငြိမ်းချမ်းရေး တိုးတက်မှု မတွေ့ရသေးသည့်အပေါ် ထရန့်က မကျေနပ်မှု ရှိနေကြောင်း သတင်းထွက်ပေါ်လာသည်။ တစ်ဖက်တွင် ယူကရိန်းနှင့် ပူတင်တို့က တနင်္ဂနွေနေ့၊ ထရန့်၏ အသက် ၈၀ ပြည့် မွေးနေ့တွင် သီးခြားစီ ဖုန်းဆက်သွယ်ခဲ့ပြီးနောက် ရုရှားက ယူကရိန်းမြို့ကြီးများကို ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။ ယင်းအချက်က ၂၀၂၂ ခုနှစ်တွင် ရုရှားက အပြည့်အဝ ကျူးကျော်ပြီးနောက် စတင်ခဲ့သော စစ်ပွဲကို ရပ်တန့်ရန် ဝါရှင်တန်ဘက်က သံတမန်ရေးနည်းလမ်းများကို မစွန့်လွှတ်သေးကြောင်း ပြသနေသည်။
“မှန်ကန်တဲ့ ဆွေးနွေးညှိနှိုင်းမှုဆိုတာ ယူကရိန်းနဲ့ ရုရှားတို့ တစ်စားပွဲထဲမှာ ထိုင်ရမှာဖြစ်ပြီး ဥရောပနဲ့ အမေရိကန်တို့လည်း အတူရှိနေရမယ်” ဟု မက်ခရွန်က ပြင်သစ်ရုပ်သံတွင် ပြောကြားသည်။
ထရန့်သည် သမ္မတအဖြစ် ပြန်လည်ဝင်ရောက်မည်ဆိုပါက ရုရှား-ယူကရိန်းစစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်နိုင်မည်ဟု မဲဆွယ်စဉ်က ပြောကြားခဲ့သော်လည်း လက်ရှိတွင်မူ မူလထင်ထားသလောက် မလွယ်ကူကြောင်း ဝန်ခံထားသည်။ တစ်ချိန်တည်းမှာပင် ယူကရိန်းသည် တနင်္လာနေ့တွင် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးမှုများကို တရားဝင် စတင်ခဲ့ပြီး စစ်ပွဲ ဆက်လက်ဖြစ်နေသည့်ကာလအတွင်းပင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို နှစ်ပေါင်းများစွာ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ကို စတင်လိုက်သည်။
ယူကရိန်းဘက်က အီးယူအဖွဲ့ဝင်ဖြစ်ခြင်းကို စစ်ပြီးကာလတွင် ရေရှည်တည်ငြိမ်ရေးအတွက် လုံခြုံရေးအာမခံချက်တစ်ခုအဖြစ် ရှုမြင်နေသည်။ ၎င်းတို့အတွက် အကောင်းဆုံးအာမခံချက်မှာ နေတိုး (NATO) စစ်မဟာမိတ်အဖွဲ့ဝင်ဖြစ်ခြင်းဖြစ်သော်လည်း ထရန့်အစိုးရက ယင်းသည် လက်တွေ့မဖြစ်နိုင်ကြောင်း အခိုင်အမာ ပြောထားပြီး စစ်ပွဲဆက်လက်ဖြစ်နေချိန်တွင် အဖွဲ့ဝင်အဖြစ် လက်ခံလိုက်ခြင်းကိုလည်း အခြားနိုင်ငံများက စိုးရိမ်နေကြသည်။
အီရန်စစ်ပွဲက ထရန့်နှင့် ဥရောပခေါင်းဆောင်များကြား အငြင်းပွားစရာ အကြောင်းရင်းတစ်ခု ဖြစ်နေသည်။ မက်ခရွန်၊ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ၊ ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ် မာ့ဇ်နှင့် အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီတို့နှင့် ထရန့်အကြား အီရန်ကို စစ်အရေးယူရန် ဆုံးဖြတ်ချက်မတိုင်မီ တိုင်ပင်ဆွေးနွေးမှု မပြုခဲ့ခြင်းအပေါ် ပြင်းထန်စွာ ဝေဖန်သည့် အပြန်အလှန် ပြောဆိုမှုများ ရှိခဲ့သည်။ ထရန့်ကလည်း နေတိုးအဖွဲ့ဝင်နိုင်ငံ လေးနိုင်ငံတွင် ရှိနေသည့် အမေရိကန်တပ်ဖွဲ့များကို လျှော့ချနိုင်ကြောင်း အပါအဝင် အပြန်အလှန်အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့သည်။
သို့သော် အီဗျန်မြို့တွင် လေထုက မလွန်ကဲတင်းမာဘဲ ထိန်းထိန်းသိမ်းသိမ်း ရှိနိုင်ပြီး ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံထားရမှုကြောင့် မြင့်တက်လာသည့် ရေနံဈေးနှုန်း၏ သက်ရောက်မှုကို လျှော့ချရန် အမေရိကန်မဟာမိတ်များက အမြန်တိုးတက်မှုကို လိုလားနေကြသည်။ ထရန့်က “အရှေ့အလယ်ပိုင်းမှာ အခု အရမ်းကောင်းသွားမယ့် ကိစ္စတွေ အများကြီးရှိတယ်လို့ ထင်တယ်။ အရေးကြီးဆုံးကတော့ ရေနံဈေးကျနေပြီး စတော့ဈေးက တစ်စကျော်လို ပြေးတက်နေတယ်” ဟု ပြောသည်။
G7 အစည်းအဝေးမတိုင်မီ ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် ဗြိတိန်ခေါင်းဆောင်များက အမေရိကန်၊ အီရန်အစိုးရနှင့် ကြားဝင်ညှိနှိုင်းပေးသူများကို “သံတမန်ရေးအောင်မြင်မှု” အတွက် ချီးကျူးသည့် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး ကနေဒါလည်း လက်မှတ်ရေးထိုး ပူးပေါင်းခဲ့သည်။ ၎င်းတို့က အသေးစိတ်ညှိနှိုင်းမှုများ အမြန်စတင်ရန်နှင့် သဘောတူညီချက်ကို လျင်မြန်စွာ အကောင်အထည်ဖော်ရန် အရေးကြီးကြောင်း၊ ထိုမှတစ်ဆင့် ဟော်မုဇ်ရေလက်ကြားကို ရေနံတင်သင်္ဘောများ သွားလာနိုင်ရန် ပြန်လည်ဖွင့်ပေးရမည်ဖြစ်ကြောင်း ဆိုသည်။
မက်ခရွန်က နောက်ပိုင်းတွင် ပြင်သစ်နှင့် အခြားအနောက်မဟာမိတ်များသည် ရေလက်ကြားကို ငြိမ်းချမ်းစွာ ပြန်ဖွင့်နိုင်ရန် “အလွန်လျင်မြန်စွာ အရေးယူဆောင်ရွက်ရန် အသင့်ရှိနေသည်” ဟု ပြောကြားသည်။ ပြင်သစ်နှင့် ဗြိတိန်တို့သည်လည်း အခြေအနေခွင့်ပြုသည့်အခါ ရေလက်ကြား၏ ပင်လယ်လုံခြုံရေး ပြန်လည်တည်ဆောက်ရေး မစ်ရှင်တစ်ရပ်ကို ဦးဆောင်နေကြသည်။
ထရန့်ကတော့ နိုင်ငံတကာ စစ်ရေးအင်အား အလွန်အကျွံ စေလွှတ်ရန် လိုအပ်မည်မဟုတ်ဟု သဘောထားလျော့ပေါ့ ပြောဆိုခဲ့သည်။ မက်ခရွန်နှင့် တွေ့ဆုံစဉ် “ကျွန်တော်တို့အများကြီး အကူအညီမလိုမယ်လို့ ထင်တယ်။ ဒါပေမယ့် နိုင်ငံအချို့က သင်္ဘောတစ်စင်း၊ နှစ်စင်းလောက်တော့ ဒီနားမှာ ရှိနေတာ မဆိုးဘူးလို့ ထင်တယ်။ မင်းတို့နိုင်ငံက အဲဒီလိုလုပ်ရင် ကောင်းမယ့်နိုင်ငံပါ” ဟု ပြောသည်။
အင်္ဂါနေ့အစီအစဉ်အရ ဇယ်လန်စကီး ပါဝင်သည့် အလုပ်အစည်းအဝေးအပြင် ထရန့်သည် ကာတာ၏ အာမီးရ်နှင့် ယူအေအီးသမ္မတတို့နှင့် သီးခြားတွေ့ဆုံမှုများ ပြုလုပ်မည်ဖြစ်ပြီး ထို့နောက် ယဉ်ကျေးမှုပြပွဲတစ်ခုနှင့် အခြား G7 ခေါင်းဆောင်များနှင့် ညစာစားပွဲသို့ တက်ရောက်မည်ဖြစ်သည်။
G7 အဖွဲ့ဝင်နိုင်ငံများမှာ ပြင်သစ်၊ အမေရိကန်၊ ကနေဒါ၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နှင့် ဗြိတိန်တို့ဖြစ်ပြီး ယခုနှစ်ထိပ်သီးအစည်းအဝေးတွင် ဘရာဇီးလ်၊ အိန္ဒိယ၊ ကင်ညာနှင့် တောင်ကိုရီးယားတို့ကိုလည်း G7 မဟုတ်သည့် မိတ်ဖက်နိုင်ငံများအဖြစ် ဆွေးနွေးပွဲအချို့တွင် ပါဝင်ရန် ဖိတ်ကြားထားသည်။