မြောက်ကိုရီးယားနှင့် ဆွေးနွေးရေး၊ ပူးပေါင်းဆောင်ရွက်ရေး မျှော်လင့်ချက် ရှိနေဆဲဟု သမ္မတ လီဂျေမြောင် ပြောကြား

တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က မြောက်ကိုရီးယားနှင့် ဆွေးနွေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ပြန်လည်အသက်သွင်းနိုင်မည့် “မျှော်လင့်ချက်မီးတောက်” သည် ယနေ့တိုင် ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြုံယန်းနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် အစွမ်းကုန် ကြိုးပမ်းမည်ဟုလည်း ထပ်လောင်းအတည်ပြုခဲ့သည်။
လီသည် အီတလီနိုင်ငံ ရောမမြို့ရှိ Basilica of Saint Paul Outside the Walls ဘုရားကျောင်းတွင် တောင်ကိုရီးယားဖွား ကာဒီနယ် လာဇာရို ယူဟွန်းဆစ်ခ် (Lazzaro You Heung-sik) ဦးစီးသည့် ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေး အထူးမစ္ဆာပူဇော်ပွဲအတွင်း ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းက ပြီးခဲ့သည့် ၂၀၀၀ ခုနှစ် ဇွန် ၁၅ ရက်က ချုပ်ဆိုခဲ့သော ကိုရီးယားနှစ်နိုင်ငံ ပူးတွဲကြေညာချက်ကို ကိုးကားပြီး ယင်းကို နှစ်နိုင်ငံတင်းမာမှုများကို ကျော်လွှားကာ ဆွေးနွေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် “သမိုင်းဝင် အလှည့်အပြောင်း” ဟု ခေါ်ဆိုခဲ့သည်။
သမ္မတက ၂၀၀၀ ခုနှစ် ပူးတွဲကြေညာချက်ကြောင့် ကိုရီးယားစစ်ပွဲကြောင့် ခွဲခွာခဲ့ရသော မိသားစုများ ပြန်လည်တွေ့ဆုံနိုင်ခဲ့သလို လူသားချင်းစာနာထောက်ထားရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် အခြားဖလှယ်မှုများလည်း ပေါ်ပေါက်လာခဲ့ကြောင်း ပြောသည်။ “အဲဒီမျှော်လင့်ချက်ရဲ့ မီးတောက်က မသေသေးဘူးလို့ ကျွန်တော် တိတိကျကျ ယုံကြည်ပါတယ်” ဟု လီက ဆိုသည်။
လီသည် လက်ရှိ တင်းမာမှုများ လျှော့ချရန် အစိုးရ၏ ဆောင်ရွက်ချက်များကိုလည်း ထပ်မံဖော်ပြခဲ့သည်။ ၎င်းတွင် ပီအိုးချန်းယန်းသို့ ဦးတည်သည့် ဝါဒဖြန့် အသံချဲ့စက် ထုတ်လွှင့်မှုများ ရပ်ဆိုင်းထားခြင်း ပါဝင်ပြီး “စုပ်ယူပေါင်းစည်းရေး” သို့မဟုတ် တစ်ဖက်သတ် အယူဝါဒပြိုင်ဆိုင်မှုဖြင့် ပြန်လည်ပေါင်းစည်းမည်မဟုတ်ကြောင်းလည်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် “တောင်နှင့်မြောက်ကြား မတော်တဆ ပဋိပက္ခများ မဖြစ်ပွားရေး ဆက်လက်တားဆီးမည်၊ စစ်ရေးယုံကြည်မှု ပြန်လည်တည်ဆောက်မည်၊ အပစ်အခတ်ရပ်စဲရေးကို ကျော်လွန်သည့် ငြိမ်းချမ်းရေးစနစ်တစ်ရပ် တည်ဆောက်နိုင်ရန် တတ်နိုင်သမျှ လုပ်ဆောင်မည်” ဟု သူက အလေးထား ပြောဆိုခဲ့သည်။
လီက ယူကရိန်း-ရုရှားစစ်ပွဲ ရှည်ကြာလာခြင်းနှင့် အရှေ့အလယ်ပိုင်း ပဋိပက္ခကဲ့သို့သော နိုင်ငံတကာအကျပ်အတည်းများကိုလည်း ထောက်ပြပြီး ကိုရီးယားကျွန်းဆွယ်မှာလည်း ဆက်ဆံရေးပြတ်တောက်ကာ ဆွေးနွေးရေး ပျက်ပြားသည့် ခေတ်သို့ ပြန်ရောက်နေကြောင်း ပြောသည်။ “မယုံကြည်မှုနဲ့ တင်းမာမှုတွေက ယခင်ကထက် မလျော့သေးပါဘူး” ဟု ၎င်းက ဆိုပြီး၊ သာမန်အတားအဆီးများနှင့် အခက်အခဲများကြားကတောင် တောင်ကိုရီးယားသည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို ဆက်လက်ယုံကြည်သည့် သမိုင်းကြောင်း ရှိကြောင်းလည်း အလေးပေး ပြောကြားခဲ့သည်။
ထို့ပြင် ပုပ်ရဟန်းမင်းကြီးနှင့် ဗာတီကန်က ဆိုးလ်၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ထောက်ခံပေးနေမှုအတွက် လီက ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ကိုရီးယားကျွန်းဆွယ်တွင် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ပါက ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်လည်း အထောက်အကူဖြစ်မည်ဖြစ်သလို ကမ္ဘာ့ညီညွတ်မှုကလည်း ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးကို ပိုမိုခိုင်မာစေမည်ဟု ၎င်းက ယုံကြည်ကြောင်း ပြောဆိုသည်။
လီအစိုးရသည် ဇွန်လတွင် တာဝန်ယူကတည်းက မြောက်ကိုရီးယားနှင့် ငြိမ်းချမ်းရေးနှင့် ဆွေးနွေးရေးလမ်းကြောင်း ဖွင့်နိုင်ရန် ဆက်တိုက် ကမ်းလှမ်းမှုများ ပြုလုပ်နေသော်လည်း ပြုံယန်းဘက်ကတော့ တုံ့ပြန်မှု မရှိသေးပါ။ မြောက်ကိုရီးယားသည် နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များကို စွန့်လွှတ်မည်မဟုတ်ကြောင်း သဘောထားခိုင်မာနေပြီး တောင်နှင့်မြောက်ကို “ရန်သူနိုင်ငံနှစ်နိုင်ငံ” အဖြစ် သတ်မှတ်ကာ ဆိုးလ်အပေါ် ရန်လိုသည့် မူဝါဒများကို ဆက်လက်ကျင့်သုံးနေကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။