မြောက်ကိုရီးယားကို ဆွေးနွေးပွဲသို့ ပြန်လာစေရန် မွန်ဂိုးလီးယားက ကူညီပေးရန် တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီး တောင်းဆို

တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ချုံဒုံယောင်သည် မွန်ဂိုးလီးယားသမ္မတ အုပ်ခနာခူရေးလ်ဆူခနှင့် တွေ့ဆုံကာ ကိုရီးယားကျွန်းဆွယ်တွင် ငြိမ်းချမ်းရေး တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝန်ကြီး ချုံသည် အရှေ့မြောက်အာရှ လုံခြုံရေးနှင့် ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ၁၁ ကြိမ်မြောက် Ulaanbaatar Dialogue ကို တက်ရောက်ရန် မွန်ဂိုးလီးယားမြို့တော် Ulaanbaatar သို့ ရောက်ရှိနေခြင်းဖြစ်သည်။ သမ္မတ အုပ်ခနာခူရေးလ်ဆူခနှင့် တွေ့ဆုံရာတွင် ချုံက ကိုရီးယားနှစ်နိုင်ငံလုံးနှင့် မိတ်ဖက်ဆက်ဆံရေး ဆက်လက်ထိန်းသိမ်းထားသည့် နိုင်ငံအနည်းငယ်ထဲမှ တစ်နိုင်ငံဖြစ်သော မွန်ဂိုးလီးယားသည် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေး တိုးတက်စေရေးအတွက် ထူးခြားသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယား တက်ရောက်ခြင်း မရှိတော့သည့် ယင်းဖိုရမ်သို့ ပြန်လည်ပါဝင်လာရန် ပြုံယောင်းတွင် မွန်ဂိုးလီးယားက တိုက်တွန်းပေးရန်နှင့် ကိုရီးယားနှစ်နိုင်ငံနှင့် မွန်ဂိုးလီးယားတို့ ပါဝင်သည့် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အလားအလာများကိုလည်း အတူတကွ ရှာဖွေပေးရန် တောင်းဆိုခဲ့သည်။
မွန်ဂိုးလီးယားသမ္မတ အုပ်ခနာခူရေးလ်ဆူခက နှစ်နိုင်ငံဆက်ဆံရေးသည် “ရွှေရောင်ခေတ်” သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောဆိုခဲ့ပြီး တောင်ကိုရီးယား၏ မြောက်ကိုရီးယားအပေါ် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး မူဝါဒကိုလည်း အခိုင်အမာ ထောက်ခံကြောင်း ပြောကြားခဲ့သည်ဟု ဝန်ကြီးဌာနက ဆိုသည်။ ယခင်နေ့ ဖွင့်ပွဲအခမ်းအနားတွင်လည်း ဝန်ကြီး ချုံက တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့ ပါဝင်သည့် လေးနိုင်ငံ ဆွေးနွေးပွဲတစ်ရပ်ကို အဆိုပြုပြီး ကိုရီးယားကျွန်းဆွယ်တွင် ငြိမ်းချမ်းရေးစနစ် ထူထောင်ရန် တိုက်တွန်းခဲ့သည်။ နှစ်ရက်ကြာ ပြုလုပ်သည့် ဖိုရမ်သည် ယနေ့ အပြီးသတ်မည်ဖြစ်ပြီး ဝန်ကြီး ချုံသည် စနေနေ့တွင် တောင်ကိုရီးယားသို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။