My

ဖွံ့ဖြိုးပြီးဈေးကွက်အဆင့် ပြန်လည်ရရှိရေး ကိုရီးယား MSCI သတ်မှတ်ချက်ကို မျှော်လင့်

Business

ဖွံ့ဖြိုးပြီးဈေးကွက်အဆင့် ပြန်လည်ရရှိရေး ကိုရီးယား MSCI သတ်မှတ်ချက်ကို မျှော်လင့်

2026.06.04Zaymy Official60

ကိုရီးယားနိုင်ငံ၏ Morgan Stanley Capital International (MSCI) ဖွံ့ဖြိုးပြီးဈေးကွက် စာရင်းဝင်နိုင်ရေး အလားအလာသည် KOSPI အညွှန်းကိန်း 9,000 မှတ်အနီးသို့ ရောက်ရှိလာခြင်းနှင့်အတူ ပြန်လည်အာရုံစိုက်ခံနေရကြောင်း လေ့လာသုံးသပ်သူများက ဇွန် ၄ ရက်တွင် ပြောကြားသည်။ MSCI ၏ 2026 ခုနှစ် စျေးကွက်ဝင်ရောက်နိုင်မှု သုံးသပ်ချက်နှင့် စျေးကွက်အမျိုးအစား ခွဲခြားသတ်မှတ်မှု ရလဒ်များကို လာမည့် ဇွန် 18 ရက်နှင့် ဇွန် 23 ရက်တို့တွင် ထုတ်ပြန်မည်ဖြစ်ကြောင်းလည်း သိရသည်။

ယခုနှစ် အမျိုးအစားခွဲခြားသတ်မှတ်မှုတွင် MSCI ၏ စောင့်ကြည့်စာရင်း (watch list) ထဲ ဝင်ရောက်နိုင်ရန် ကိုရီးယားအစိုးရက ကြိုးပမ်းနေပြီး၊ ယင်းသည် နောင်တစ်ချိန်တွင် ဖွံ့ဖြိုးပြီးဈေးကွက်အဖြစ် အဆင့်မြှင့်တင်ခံရနိုင်ရေးအတွက် မဖြစ်မနေ လိုအပ်သည့် အဆင့်တစ်ခုလည်း ဖြစ်သည်။ MSCI ၏ စနစ်အရ ဈေးကွက်တစ်ခုသည် အနည်းဆုံး တစ်နှစ်ခန့် စောင့်ကြည့်စာရင်းထဲတွင် ရှိပြီးမှသာ အဆင့်မြှင့်တင်ခံရနိုင်သည်။ တာဝန်ရှိသူများကလည်း ယခုနှစ် watch list ထဲ ဝင်ရောက်နိုင်ပါက 2027 ခုနှစ်တွင် ဖွံ့ဖြိုးပြီးဈေးကွက်အဖြစ် ပြန်လည်သတ်မှတ်ခံရရန် လမ်းဖွင့်ပေးနိုင်မည်ဟု မျှော်လင့်နေကြသည်။

MSCI က 2025 ခုနှစ် သုံးသပ်ချက်တွင် ကိုရီးယားကို “emerging market” အဖြစ် ဆက်လက်သတ်မှတ်ခဲ့ပြီး၊ အထူးသဖြင့် နိုင်ငံပြင်ပဈေးကွက်များတွင် ကိုရီးယားဝမ်ငွေကို လွတ်လပ်စွာ ပြောင်းလဲအသုံးပြုနိုင်မှု (convertibility) ကန့်သတ်နေသေးခြင်းကို အဆင့်မြှင့်တင်ရေးအတွက် အဓိက အတားအဆီးတစ်ခုအဖြစ် ထောက်ပြခဲ့သည်။ ထို့နောက် အစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် စျေးကွက်ဝင်ရောက်လွယ်ကူမှု ပိုမိုတိုးတက်စေမည့် နိုင်ငံခြားငွေနှင့် အရင်းအနှီးဈေးကွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အစီအစဉ်ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစီအစဉ်တွင် နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်၏ အရောင်းအဝယ်နာရီများ တိုးချဲ့ခြင်း၊ ပြည်ပဝမ်ငွေ settlement services များ ခွင့်ပြုခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အကောင့်ဖွင့်ရာတွင် လုပ်ထုံးလုပ်နည်းများ ရိုးရှင်းစေခြင်းတို့ ပါဝင်သည်။ ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာန၏ အဆိုအရ မေလအထိ အဆိုပါ ပြုပြင်ပြောင်းလဲရေး roadmap ထဲမှ မူဝါဒလုပ်ငန်း 39 ခုအနက် 25 ခုကို ပြီးမြောက်ထားပြီးဖြစ်သည်။ အရေးကြီးသည့် ပြုပြင်ပြောင်းလဲမှုတစ်ခုမှာ ဇူလိုင်လတွင် စတင်မည့် နီးပါး 24 နာရီ လည်ပတ်မည့် နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်စနစ် ဖြစ်ပြီး၊ ကမ္ဘာ့မတူညီသည့် အချိန်ဇုန်များမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်အသုံးပြုနိုင်မှုကို မြှင့်တင်ရန် ရည်ရွယ်ထားသလို MSCI က မကြာခဏ ထောက်ပြထားသည့် စိုးရိမ်ချက်တစ်ခုကိုလည်း ဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့်ထားသည်။

သို့သော် လေ့လာသုံးသပ်သူများက မကြာမီကာလအတွင်း အဆင့်မြှင့်တင်ခံရနိုင်ခြေအပေါ် သတိထားဆဲဖြစ်သည်။ MSCI သည် မူဝါဒများ ထုတ်ပြန်ထားခြင်းထက် လက်တွေ့တွင် မည်သို့ အလုပ်လုပ်နေသည်ကို ပိုမိုအလေးထား စိစစ်လေ့ရှိကြောင်း ၎င်းတို့က ထောက်ပြကြသည်။ Korea Capital Market Institute မှ သုတေသီ Choi Ji-woon ကလည်း ပြုပြင်ပြောင်းလဲမှုများကို အပြည့်အဝ အကောင်အထည်ဖော်ပြီးမှသာ အဆင့်ပြန်သတ်မှတ်ရေး ဆွေးနွေးမှုများ စတင်လေ့ရှိကြောင်း ပြောသည်။ “ဒီလကုန် စျေးကွက်အမျိုးအစား ခွဲခြားသတ်မှတ်ချက် မထုတ်ပြန်မီ ongoing reforms တွေ အပြည့်အဝ အမြစ်တွယ်လာဖို့ အချိန်ကန့်သတ်ချက် နည်းနေပါတယ်။ အထူးသဖြင့် ဝမ်ငွေကို အပြည့်အဝ ပြောင်းလဲအသုံးပြုနိုင်ရေးနဲ့ derivatives market ထဲက ရင်းနှီးမြှုပ်နှံမှု ထုတ်ကုန်တွေကို ကန့်သတ်မထားဘဲ ဝင်ရောက်နိုင်ရေးတို့မှာ ထပ်မံတိုးတက်မှုတွေ လိုအပ်နိုင်ပါတယ်” ဟု Choi က ပြောကြားသည်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်