My

ပြုံယမ်း၏ သဘောထားပေါ် မူတည်၍ မြောက်ကိုရီးယားခရီးစဉ် စဉ်းစားမည်ဟု ကာဒီနယ် ပြော

Policies

ပြုံယမ်း၏ သဘောထားပေါ် မူတည်၍ မြောက်ကိုရီးယားခရီးစဉ် စဉ်းစားမည်ဟု ကာဒီနယ် ပြော

2026.06.15Zaymy Official80

ပုပ်ရဟန်းမင်းကြီး Leo XIV ၏ မြောက်ကိုရီးယားခရီးစဉ်မှာ ပြုံယမ်းဘက်၏ သဘောထားနှင့် ဆုံးဖြတ်ချက်ပေါ် မူတည်ကြောင်း တောင်ကိုရီးယားဖွား ကာဒီနယ် Lazzaro You Heung-sik က ပြောကြားလိုက်သည်။ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် ဗာတီကန်က အခန်းကဏ္ဍတစ်ရပ် ထမ်းဆောင်ရန် ပုပ်ရဟန်းမင်းကြီးကလည်း ဆန္ဒရှိနေကြောင်း ၎င်းက ဆိုသည်။

ရောမမြို့ရှိ Basilica of Saint Paul Outside the Walls ဘုရားကျောင်းတွင် တနင်္ဂနွေနေ့က ကျင်းပသည့် အထူးမက်စ်တော်ပွဲအတွင်း သတင်းထောက်များအား ကာဒီနယ် You က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါအခမ်းအနားသို့ သမ္မတ Lee Jae Myung နှင့် သမ္မတကတော် Kim Hea Kyung တို့လည်း တက်ရောက်ခဲ့သည်။ Yonhap သတင်းအရ အဆိုပါမှတ်ချက်များ ထွက်ပေါ်လာချိန်တွင် ဆိုးလ်အစိုးရသည် မြောက်ကိုရီးယားနှင့် တင်းမာမှု လျှော့ချရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေး ကြိုးပမ်းမှုများတွင် ဗာတီကန်၏ သြဇာကို အသုံးချရန် ကြိုးပမ်းနေပြီး ပုပ်ရဟန်းမင်းကြီး၏ မြောက်ကိုရီးယားခရီးစဉ်ကိုလည်း လက်တွေ့ဖြစ်လာစေရန် မျှော်လင့်နေသည်။ ကွယ်လွန်သူ ပုပ်ရဟန်းမင်းကြီး Francis ကလည်း မြောက်ကိုရီးယားသို့ သွားရောက်လိုကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောကြားခဲ့သည်။

“ကျွန်တော့်အမြင်အရတော့ ဒါဟာ မြောက်ကိုရီးယားပေါ် မူတည်ပါတယ်” ဟု You က ပြောကြားပြီး ပုပ်ရဟန်းမင်းကြီးကို ဖိတ်ကြားခြင်းနှင့် ခရီးစဉ်အတွက် လိုအပ်သည့် အခြေအနေများ သတ်မှတ်ခြင်းတို့ကို မြောက်ဘက်ဘက်ကသာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။ ထို့အပြင် အမေရိကန်ဖွား ပုပ်ရဟန်းမင်းကြီး Leo XIV ၏ မြောက်ကိုရီးယားခရီးစဉ်သည် အမေရိကန်ရှိ ကက်သလစ်အသိုင်းအဝိုင်း၏ ထောက်ခံမှုကို မြှင့်တင်ပေးနိုင်ပြီး၊ ထိုအခြေအနေက ဗာတီကန်အနေဖြင့် မြောက်ကိုရီးယားနှင့် အမေရိကန်ဆက်ဆံရေးတွင်လည်း အခန်းကဏ္ဍတစ်ရပ် ထမ်းဆောင်နိုင်စေမည်ဟု ၎င်းက ဆိုသည်။ ကာဒီနယ်က ပုပ်ရဟန်းမင်းကြီးသည်လည်း ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် “အခန်းကဏ္ဍတစ်ရပ် ထမ်းဆောင်လိုသည်” ဟု ပြောကြားခဲ့ကြောင်း ကိုးကားဖော်ပြခဲ့သည်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်