နျူကလီးယားပူးပေါင်းဆောင်ရွက်မှုတွင် လက်တွေ့ကျသော ရလဒ်များကို အမြန်ဆုံးရရှိရန် တောင်ကိုရီးယားနှင့် အမေရိကန် သဘောတူ

တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် နျူကလီးယားပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များမှ “လက်တွေ့ကျ” သည့် ရလဒ်များကို အမြန်ဆုံး ပေါ်ထွက်လာစေရေး ဆက်လက်ကြိုးပမ်းရန် သဘောတူခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ဇွန် ၄ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၏ ထုတ်ပြန်ချက်အရ ဆိုးလ်မြို့တွင် ယခုသီတင်းပတ်အတွင်း ကျင်းပခဲ့သည့် နှစ်နိုင်ငံတွေ့ဆုံမှုမှာ တောင်ကိုရီးယား၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်ရေး၊ ပြည်တွင်းသုံး ယူရေနီယံ အလှုပ်သန့်စင်ခွင့် (enrichment) ရရှိရေးနှင့် အသုံးပြီး နျူကလီးယားလောင်စာ ပြန်လည်ပြုပြင်ထုတ်ယူရေး (spent fuel reprocessing) ဆိုင်ရာ စွမ်းဆောင်ခွင့်များ ရရှိရေးတို့ကို ဆွေးနွေးရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်း ဖြစ်သည်။
“နှစ်ဖက်စလုံးသည် ယခုနှစ်အတွင်း တိုးတက်မှုအခြေအနေများကို သုံးသပ်နိုင်ရန် အဆင့်လိုက် မှတ်တိုင်များ သတ်မှတ်ပြီး အနာဂတ် ညှိနှိုင်းမှုများကို အရှိန်မြှင့်တင်ကာ လက်တွေ့ကျ ရလဒ်များကို အမြန်ဆုံး ဖော်ဆောင်ရန် ကတိပြုခဲ့ကြသည်” ဟု နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါအစည်းအဝေးကို တောင်ကိုရီးယား သမ္မတ လီဂျေးမြောင်နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့ အောက်တိုဘာလကုန်ပိုင်းက ထိပ်သီးတွေ့ဆုံခဲ့ပြီးနောက် လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နှစ်နိုင်ငံ သဘောတူညီချက်များကို အကျဉ်းချုပ်ဖော်ပြထားသည့် joint fact sheet တွင် ပါဝင်သော နျူကလီးယားပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များကို အကောင်အထည်ဖော် တိုးတက်စေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲသို့ တောင်ကိုရီးယား၏ ပထမနိုင်ငံခြားရေး ဒုဝန်ကြီး Park Yoon-joo နှင့် အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံရေးရေးရာ ဒုဝန်ကြီး Allison Hooker တို့ တက်ရောက်ခဲ့ပြီး ဆိုးလ်ရှိ သမ္မတရုံး အမျိုးသားလုံခြုံရေးရုံးနှင့် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီမှ တာဝန်ရှိသူများလည်း ပါဝင်ခဲ့ကြသည်။